မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှုက အကန့်အသတ်ရှိ

တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ အဖွဲ့ဝင်များ

Asia Times  

မြန်မာနိုင်ငံမြောက်ပိုင်း၌ တိုက်ခိုက်မှုများ ရပ်ဆိုင်းအဆုံးသတ်ရေး ခနော်နီခနော်နဲ့နိုင်လှသည့် သဘောတူညီချက်တခုက ဖြစ်ပွားဆဲ မငြိမ်မသက်မှုတို့နှင့်ပတ်သက်ပြီး တရုတ်၏ စိုးရိမ်ပူပန်မှုအပြင် လက်ရှိဖြစ်ပွားဆဲ ပြည်တွင်းစစ်အပေါ် တရုတ်၏ ဩဇာလွှမ်းမိုးနိုင်စွမ်း၏ အကန့်အသတ်များကို မီးမောင်းထိုးပြသနေခဲ့သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ဟု သိကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့နှင့် မြန်မာအာဏာသိမ်းစစ်တပ်အကြား အပစ်ရပ်စဲမှု သဘောတူညီချက်တရပ်ကို ကြားဝင်ညှိနှိုင်းပေးခဲ့ကြောင်း တရုတ်က ၂၀၂၄ ၊ ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ဖော်ကြေညာသည်။
သို့ရာတွင် ယင်းနှင့်ပတ်သက်၍ မဆုံးဖြတ်မီ အချို့ အချက်များကို စဉ်းစားရန် သတိပေးမှုတခု ရှိနေသည်။ ယခု အပစ်ရပ်စဲမှု သဘောတူညီချက်က ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်သာ သက်ဆိုင်သည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း၊ အထူးသဖြင့် ၁၉၆၈ ခုနှစ်၌ တချိန်က ပေကျင်း ထောက်ခံသည့် ဗမာပြည်ကွန်မြူနစ်ပါတီက ဗဟိုဌာနချုပ် ထူထောင်ပြီးနောက်ပိုင်း ရှမ်းပြည်နယ်သည် ပဋိပက္ခ တိုက်ပွဲများကို တွေ့ကြုံထားခဲ့ရပြီး ရှည်ကြာသော စစ်ပွဲတခုတွင် နိုင်ငံ၏ စစ်တပ်နှင့် တိုက်ခိုက်ခဲ့သည်။
ထို့ပြင် ယင်းသည် မြန်မာ၏ စစ်အစိုးရကို ဆန့်ကျင်သည့် အတိုက်အခံများက လက်ရှိ ပြည်တွင်းစစ်တွင် အောင်မြင်မှု အများဆုံး ရရှိထားသည့် ဒေသတခုလည်း ဖြစ်သည်။ ၂၀၂၃ ၊ အောက်တိုဘာ ၂၇ ရက်တွင် မြန်မာစစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်ပိုင်း ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ရှမ်းပြည်နယ်၌ သုံးရက်လျင် မြို့တမြို့နှုန်း သိမ်းယူရရှိခဲ့ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြသည်။
တရုတ် ကြားဝင်စေ့စပ်သည့် သဘောတူညီချက် ရှိလင့်ကစား ရှမ်းပြည်နယ်တွင် ပြတ်တောင်းပြတ်တောင်း ပေါ်ပေါက်သည့် တိုက်ခိုက်မှုများ ဆက်ရှိနေသည်။ အပစ်ရပ်စဲမှုက ပြည်နယ်ပြင်ပရှိ ပြည်တွင်းစစ်ကို အဆုံးသတ်စေရေးနှင့် သက်ဆိုင်ပတ်သက်ခြင်း ရှိမနေပေ။
သို့သော် ယင်းသည် လိုရင်းအချက် မဖြစ်နိုင်ပေ။ တရုတ် ကြားဝင်ညှိနှိုင်းသည့် သဘောတူညီချက်က မြန်မာအတွက် အရှာရခက်သော ငြိမ်းချမ်းရေးကို ဖွင့်လှစ်ခြင်းထက် တရုတ်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းခြင်းနှင့် ပိုမို ပတ်သက်နေသည်ဟု မိမိ ထင်မြင်မိသည်။ တရုတ်အာဏာပိုင်တို့သည် မြန်မာ၏ ဝရုန်းသုန်းကား အခြေအနေက တရုတ်နိုင်ငံဆီသို့ ကူးစက်မည့် ခြိမ်းခြောက်မှုနှင့်ပတ်သက်ပြီး တိုး၍ တိုး၍ စိုးရိမ်ပူပန်လာနေသည်။
တကယ်တမ်းတွင်လည်း အပစ်ရပ်စဲမှုကို ကြေညာသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တခုတွင် ပဋိပက္ခတိုက်ပွဲ၌ ပါဝင်သည့် နှစ်ဖက်စလုံးအနေဖြင့် မြန်မာနိုင်ငံရှိ စီမံကိန်း (ပရောဂျက်) များတွင် ပါဝင်ပတ်သက်နေသည့် အမှုထမ်းများနှင့် တရုတ်နယ်စပ်တွင် နေထိုင်သူများ၏ ဘေးကင်းလုံခြုံရေးအပေါ် ထိခိုက်စေမှု မရှိစေရေး ကတိပြုခဲ့ကြောင်း မှတ်ချက်ပြုထားသည်။
တရုတ်က မြန်မာတွင် ငြိမ်းချမ်းမှုကို မည်သည့်အတွက်ကြောင့် မြင်တွေ့လိုလိမ့်မလဲ ဆိုသည့်အတွက် ရှင်းလင်းသည့် အကြောင်းရင်းများ ရှိသည်။ လူနှင့် မူးယစ်ဆေးဝါးများကို မှောင်ခိုကူးသည့် တရုတ်ရာဇဝတ်ဂိုဏ်းအဖွဲ့များ၊ နယ်စပ်တဖက်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်သည့် တရုတ် ရာဇဝတ်ဂိုဏ်းအဖွဲ့များအတွက် မတည်မငြိမ်ဖြစ်နေသည့် မြန်မာမြောက်ပိုင်းဒေသက ခိုလှုံရာနေရာတခု ဖြစ်လာနေခြင်း ဖြစ်သည်။
ထိုအချိန်အတောအတွင်း တိုက်ပွဲများကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့စေပြီး နယ်စပ်မြို့များရှိ တရုတ်နိုင်ငံသားများအနေဖြင့် ဘေးမကင်းသည့် အခြေအနေသို့ တိုး၍ ရောက်ရှိခဲ့သည်။

ပတ်လည်ဝိုင်းခံနေရသည့် စစ်တပ်
အပစ်အခတ်ရပ်စဲမှု ထိန်းထားခြင်းကို တရုတ်ဘက်က မြင်တွေ့ရန် ဆန္ဒရှိနေလင့်ကစား ယင်းအတိုင်း ဖြစ်ပေါ်ရန် အလားအလာ များစွာ မရှိဟု ယူဆရသည်။ မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်တွင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံ အစိုးရတရပ်ကို ဖြုတ်ချ အာဏာသိမ်းခြင်းနှင့်အတူ တိုက်ပွဲများ စတင်ဖြစ်ပွားစေပြီးကတည်းက ကြီးမားသည့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ထားခဲ့ရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်သည့် ခုခံတော်လှန်ရေး လှုပ်ရှားမှုတရပ်က နိုင်ငံအနှံ့ ပေါ်ထွက်လာခဲ့ပြီး ယင်းလှုပ်ရှားမှုကို အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ နှိမ်နင်းနိုင်ခြင်း မရှိပေ။
မကြာသေးခင်က အပစ်ရပ်စဲမှုက အကြမ်းဖက်မှုများ၊ အတိုက်အခံတို့၏ အောင်မြင်မှုများ သို့မဟုတ် တရုတ်အပေါ် ခြိမ်းခြောက်မှုတို့ကို အဆုံးသတ်စေရေးနှင့် များစွာ သက်ဆိုင်ပတ်သက်ခြင်း မရှိပေ။ အပစ်ရပ်စဲမှု ကြေညာပြီး နောက်တရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည့် ရက္ခိုင့်တပ်တော် (အေအေ) သည် မြန်မာနိုင်ငံ အနောက်ပိုင်း၊ အိန္ဒိယနှင့် နယ်စပ်မြို့တမြို့ဖြစ်သော ပလက်ဝမြို့ကို သိမ်းယူခဲ့သည်။
ထိုအချိန်အတောအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) သည် စစ်ကောင်စီ၏ တရုတ်လုပ် ဂျက်တိုက်လေယာဉ်တစင်းကို ပစ်ချခဲ့ပြီး ယင်းသည် သီတင်းပတ်အနည်းငယ်မျှအတွင်း တတိယမြောက် စစ်လေယာဉ်တစင်း ပစ်ချခံရခြင်း ဖြစ်သည်။ မြန်မာစစ်တပ်သည် အပစ်ရပ်စဲသည့် ဧရိယာရှိ ယင်း၏ အဓိကတပ်ဌာနချုပ်များအနက် တခုကို ထိန်းချုပ်မှု လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်သော မြန်မာနိုင်ငံ အရှေ့တောင်ဒေသများတွင် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ် တပ်သားများသည် “စစ်ဆင်ရေး ၁၁.၁၁” ကို စတင်လုပ်ဆောင်ခဲ့ပြီး ဒေသတွင် ၎င်းတို့၏ နယ်မြေနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ ထိန်းချုပ်မှုတို့ကို ချဲ့ထွင်ထားသည်။ နိုင်ငံအလယ်ပိုင်း မြေပြန့်ဒေသများတွင် ပေါင်းရုံးထားသည့် ခုခံတော်လှန်ရေးအဖွဲ့ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း စစ်တပ်အပေါ် ပြောက်ကျား စစ်ပွဲတွင် ဆက်လက်တိုက်ခိုက်နေသည်။

တစတစ လျော့ပါးလာသည့် တရုတ်ဩဇာလွှမ်းမိုးမှု
ပြန့်ကျဲနေသော မြန်မာပြည်တွင်းစစ်၏ ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာအောက်တွင် တရုတ်သည် မကြုံဖူးသေးသော နယ်ပယ်တခုတွင် ကိုယ့်ကိုယ်ကိုယ် တွေ့ရှိနေရသည်။
ယခင်အတိတ်အချိန်ကာလများက တရုတ်သည် မြန်မာ၏ နိုင်ငံရေးအပေါ် ယင်း၏ ဩဇာလွှမ်းမိုးမှုကို အသုံးပြုနိုင်စွမ်း ရှိခဲ့သည်။ သို့သော် လက်ရှိ ပြည်တွင်းစစ်တွင် အခြေခိုင်နေသော စစ်တပ်များရှိ စစ်သားများနှင့်ယှဉ်လျင် အသက်ပိုငယ်ရွယ်သော အဖွဲ့ဝင်အများစု ပါသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဲ့သို့ တော်လှန်ရေး အဖွဲ့အသစ်များ ထွက်ပေါ်လာမှုကို မြင်တွေ့ခဲ့ရသည်။ တရုတ်က မည်သို့ အသနားခံမှုများ လုပ်ဆောင်လင့်ကစား ထိုအဖွဲ့များသည် မြန်မာစစ်တပ်နှင့် မည်သည့် သဘောတူညီချက်တွင်မှ ပါဝင်ရန် ရည်ရွယ်ချက် ရှိမနေပေ။
ထို့ပြင် အဆိုပါ အဖွဲ့သစ်များသည် မြန်မာ၏ နယ်စပ်များကို ကျော်လွန်၍ မဟာဗျူဟာဆိုင်ရာနှင့် ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ အချိတ်အဆက်များ လုပ်ဆောင်ထားသည်ဖြစ်သည့်အတွက် ယင်းက ၎င်းတို့ကို မှောင်ခိုသွင်းသည့် လက်နက်များနှင့် အထောက်အပံ့များ ရရှိနိုင်စေသည်။
သို့ဆိုရလျင် မြန်မာအပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ဘောင်ခတ်ကျဉ်းမြောင်းစေသည်။ မြန်မာရှိ တိုက်ပွဲအများအပြားတွင် တိုင်းရင်းသား-အမျိုးသားရေးစိတ်ဓာတ်က ကျောထောက်နောက်ခံပြုထားသည့်အတွက် ထိုသို့ ပို၍ပင် ဖြစ်စေသည်။ တိုက်ခိုက်မှုများ ရပ်ဆိုင်းအဆုံးသတ်စေရေး တရုတ်၏ ကြိုးပမ်းမှုများက မြန်မာနိုင်ငံရှိ မတူကွဲပြားခြားနားသည့် တိုင်းရင်းသားအဖွဲ့များကို အတူတကွ ပေါင်းစည်းစေရေး ဖြေရှင်းချက်နည်းလမ်းများကို များစွာ ပံ့ပိုးပေးနိုင်ခြင်း မရှိပေ။
တကယ်တမ်းတွင် ညီနောင် မဟာမိတ်သုံးဖွဲ့ ဖွဲ့စည်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နှောင်ဖွဲ့စေသည့် အချက်တခုက မြန်မာစစ်တပ်ကို အနိုင်ယူရေး ဘုံရည်မှန်းချက်ပင် ဖြစ်သည်။
သည့်အပြင် မြန်မာနယ်စပ် ဒေသများရှိ တရုတ်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးကို စစ်တပ်နှင့် အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်ဖြင့် အာမခံပေးနိုင်ခြင်း မရှိပေ။ ပြည်တွင်းစစ်မတိုင်မီ ရှမ်းပြည်နယ်ရှိ ရာဇဝတ်ဂိုဏ်းအဖွဲ့များအပေါ် မြန်မာစစ်တပ်ဘက်က ကိုင်တွယ်အရေးယူနိုင်စွမ်း မရှိခြင်းကို ကြည့်မည်ဆိုလျင် စစ်ပွဲ မရှိပင်သော်ငြား ထိုဒေသက တရုတ်အပေါ် ခြိမ်းခြောက်မှုတခု ဆက်ရှိစေလိမ့်မည် ဆိုသည်ကို ပြသနေသည်။
ဤအချိန်အတောအတွင်း ပြည်တွင်းစစ်၏ ရလဒ်တခုအနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ အဖွဲ့များနှင့် တရုတ်၏ ဆက်ဆံရေး၊ တရုတ်၏ ဩဇာလွှမ်းနိုင်မှုက ပြောင်းလဲသွားသည်။
တရုတ်၏ ယူနန်ပြည်နယ်နှင့် နယ်စပ်ကပ်လျက် တည်ရှိသလို တရုတ်နှင့် ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုများ တူညီသည့် ကိုးကန့်ဒေသရှိ တော်လှန်ရေးအဖွဲ့တခုဖြစ်သော မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ကို ကြည့်ပါ။ ၁၉၈၉ ခုနှစ်က အဖွဲ့ ဖွဲ့စည်းတည်ထောင်ပြီးနောက် တရုတ်အစိုးရ လုပ်ဆောင်သည့်အတိုင်း ယင်း၏ ထောက်ခံမှုက မြန်မာအစိုးရနှင့် တော်လှန်ရေးအဖွဲ့များအကြား တုံ့ပြန်လူးလာ ပြောင်းလဲထားခဲ့သည်။
သို့သော် MNDAA ကို တရုတ်၏ လက်အောက်ခံအဖွဲ့တခုအဖြစ် ရှုမြင်၍ မရနိုင်ပေ။ ၂၀၁၉ ခုနှစ်တွင် MNDAA သည် ရက္ခိုင့်တပ်တော်၊ တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အဖြစ် ပူးပေါင်းခဲ့ပြီး ယင်းတို့က မတူညီသော ယဉ်ကျေးမှုနှင့် ဘာသာစကား နောက်ခံများရှိသည့် အဖွဲ့များဖြစ်သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့အပေါ် တရုတ်၏ ဒစ်ပလိုမေစီနှင့် ဩဇာလွှမ်းမိုးမှုက အကန့်အသတ်ရှိသည်။ အပစ်အခတ်ရပ်စဲမှုတခုက စစ်တပ်ကို ဆန့်ကျင်လျက် ဖြစ်ပေါ်ထားခဲ့သည့် အုပ်စု၏ စည်းလုံးညီညွတ်မှုကို ခြိမ်းခြောက်သည်။
ပြီးလျင် ရန်သူအပေါ် အသာစီးရနေပုံပေါ်သည့်အချိန်၊ မြန်မာစစ်ကောင်စီစစ်သားများ စိတ်ဓာတ်ကျဆင်းနေသည့်အချိန်တွင် တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား မက်လုံးဆွဲဆောင်မှုအနည်းအကျဉ်းသာ ရှိသည်။
အပစ်ရပ်စဲမှုတွင် ပါဝင်ခြင်းကိုယ်၌က မဟာမိတ်အုပ်စုအတွက် အရဲစွန့်ရလွန်းပြီး ယင်းသည် ၂၀၂၁ ခုနှစ်အထိ တရုတ်နှင့် မည်သည့်အခါကမှ ပတ်သက်ထားခဲ့ခြင်း မရှိသော အဖွဲ့အများအပြား အပါအဝင် အခြားသော လက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်အုပ်စု၏ ရပ်တည်မှုအပေါ် ခြိမ်းခြောက်ကောင်းခြိမ်းခြောက်နိုင်သည်။

စစ်ကောင်စီအပေါ် ယုံကြည်မှု ပျောက်ဆုံးခြင်း
မြန်မာ၏ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအပေါ် တရုတ်၏ ဩဇာလွှမ်းမိုးနိုင်စွမ်းက အကန့်အသတ်ရှိသည်။ သို့သော် တရုတ် ကြားဝင်စေ့စပ်သည့် အပစ်ရပ် သဘောတူညီချက်က မည်သည့်အတွက်ကြောင့် မခိုင်မြဲနိုင်သလဲ ဆိုသည့်အတွက် အခြားအကြောင်းရင်း ရှိသည်။ စစ်အစိုးရကို ထောက်ခံမှုတစုံတရာ ပေးချင်သည့် တရုတ်၏ စိတ်ဆန္ဒတွင်လည်း အကန့်အသတ်များ ရှိနေသည်။
တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ရာဇဝတ်ဂိုဏ်းများအပေါ် ဖြိုခွင်းနှိမ်နင်းခြင်း မရှိသည့် မြန်မာစစ်တပ်အပေါ် တရုတ်က စိတ်ရှည်သည်းခံမှု ပျောက်ဆုံးလာလျက် ရှိသည်။ တရုတ်နိုင်ငံသား အများအပြား အပါအဝင် လူ ၁၂၀,၀၀၀ ခန့်သည် အွန်လိုင်းအလိမ်အညာလုပ်ငန်းများတွင် ကူညီလုပ်ကိုင်စေရန် မြန်မာနိုင်ငံထဲသို့ အဆိုပါ ရာဇဝတ်ဂိုဏ်းအဖွဲ့များ၏ လူကုန်ကူးခြင်းကို ခံခဲ့ရသည်။
မြန်မာအပေါ် ထားသည့် တရုတ်၏ သဘောထားရပ်တည်ချက်က အစဉ်အလာအားဖြင့် အာဏာရယူထားသည့် မည်သူ့ကိုမဆို ထောက်ခံမှု ပေးရန် ဖြစ်သည်။ တရုတ်အစိုးရသည် ၂၀၂၁ အာဏာသိမ်းမှု မတိုင်မီက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီအစိုးရနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတခု ရှိခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းအချိန်မှစပြီး မြန်မာ၏ နယ်စပ်မြို့များကို စီမံအုပ်ချုပ်နိုင်စွမ်း မရှိခြင်းနှင့် အကျင့်ပျက်ခြစားမှုတို့က တရုတ်နိုင်ငံသားများ၏ ဘေးကင်းရေးအပေါ် ခြိမ်းခြောက်နေသလို တည်ငြိမ်မှု ရရှိရေး မြန်မာစစ်တပ်၏ ဆောင်ကြဉ်းပေးနိုင်စွမ်းနှင့်ပတ်သက်၍ တရုတ်၏ ယုံကြည်မှုအပေါ်တွင်လည်း တိုက်စားနေသည်။
မြန်မာအာဏာသိမ်းစစ်တပ်အနေဖြင့် နိုင်ငံမြောက်ပိုင်းကို တည်ငြိမ်စေအောင် လုပ်ဆောင်နိုင်ခြင်း မရှိလျင် တရုတ်သည် ခက်ခဲသည့် အခြေအနေတွင် ရှိနေမည်ဖြစ်သည်။ မြန်မာစစ်တပ်က အာဏာကို ဆက်လက်ဖက်တွယ်ထားသော်လည်း တော်လှန်ရေးလှုပ်ရှားမှုများကို နှိမ်နင်းနိုင်ခြင်း မရှိသည့် ပိုနေမြဲ ကျားနေမြဲ အခြေအနေက တရုတ်အပေါ် ခြိမ်းခြောက်မှုတခုအဖြစ် ဆက်ရှိနေလိမ့်မည် ဖြစ်သည်။