မြန်မာနယ်စပ် အိန္ဒိယခြံစည်းရိုးခတ်မယ့် အစီအစဉ်ကြောင့် ဒေသခံတွေ စိုးရိမ်နေ

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ခြံစည်းရိုးခတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အိန္ဒိယအဗဟို အစိုးရရဲ့ သဘောထားကို ကြေညာပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် နယ်စပ်နားနေထိုင်သူတွေ ပြည်ဝင်ခွင့်ဗီဇာ မလိုဘဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဖြတ်သန်းသွားလာခွင့် ပေးထားတဲ့စနစ်ကိုပါ ပိတ်ပင်ဖို့ စီစဉ်နေတာကြောင့် နယ်စပ်မှာနေထိုင်သူတွေအနေနဲ့ စိုးရိမ်မှုတွေရှိလာနေပါတယ်။

အဲဒီလိုသာ လုပ်ဆောင်မယ်ဆိုရင် စစ်ပွဲတွေကြောင့် နယ်မြေမတည်မငြိမ်ဖြစ်နေတဲ့ နေရာတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေနဲ့ ကူးသန်းရောင်းဝယ်ရေးပိုင်းမှာ အခက်အခဲဖြစ်စေနိုင်တယ်လို့ ဒေသခံတွေက ထောက်ပြကြပါတယ်။ 

အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah က အိန္ဒိယအစိုးရက မြန်မာနဲ့ နယ်စပ် တစ်လျှောက်လုံးမှာ ခြံစည်းရိုးခတ်ဖို့ ဆုံးဖြတ်ချက်ချထားပြီး နှစ်နိုင်ငံကြား ဗီဇာမလိုဘဲ ဝင်ထွက်ခွင့်ပေးထားတဲ့ သဘောတူညီချက်တွေကိုလည်း ရပ်တန့်ဖို့ ပြန်သုံးသပ်နေတယ် လို့ပြောကြားထားတာဖြစ်ပါတယ်။

တကယ်လို့သာ ဗီဇာပါမှ သွားလာခွင့် ပြုမယ်ဆိုရင် ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည် တွေအတွက် ပြေးစရာနယ်မြေရှိတော့မှာ မဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မီဇိုရမ်ပြည်နယ်ရောက် ဒုက္ခသည်တစ်ယောက်က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးရတဲ့ မြန်မာ နိုင်ငံသားက ၆ သောင်း လောက်ရှိနေတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောထားပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်တွင်းဖိနှိပ်မှုတွေအပေါ်မှာ အိန္ဒိယနိုင်ငံက အားပေးအားမြောက်ပြုရာရောက်တယ်လို့လည်း ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေတဲ့ India for Myanmar အဖွဲ့တာဝန်ခံ ဆလိုင်းဒိုခါရ်ကပြောပါတယ်။

အိန္ဒိယနယ်စပ်မှာ နှစ်ဖက်ကုန်သွယ်မှုတွေ နေ့တိုင်းရှိနေသလို ကူးသန်းသွားလာတာတွေ ရှိနေတာကြောင့် ဗီဇာပါမှပဲ သွားလာခွင့်ပြုမယ်ဆိုရင် နှစ်ဖက်ပြည်သူရဲ့ စီးပွားရေးနဲ့ လူမှုရေးတွေ ထိခိုက်နိုင်တယ်လို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

နာဂလန်းရဲ့ ဒုပြည်နယ်ဝန်ကြီးချုပ် ဝိုင်ပတ်တန်ကလည်း “နာဂလူမျိုးတွေဟာ နှစ်နိုင်ငံ နယ်စပ်မျဉ်းရဲ့ နှစ်ဘက်လုံးမှာ နေကြသူတွေဖြစ်တာကြောင့် ဒီဆုံးဖြတ်ချက်ဟာ လက်ခံနိုင်စရာ မရှိဘူး” လို့ ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ်နားက မြန်မာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို AA ရခိုင်တပ်တော်က တခုပြီးတခု တိုက်ခိုက်၊ သိမ်းပိုက်ခံနေတာကြောင့် စစ်ကောင်စီတပ်သားတွေဟာ အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံကြတာပါ။ ဒီလိုအခြေအနေမှာ အိန္ဒိယဟာ ချင်းနဲ့ စစ်ကိုင်းမှာရှိတဲ့ လက်နက်ကိုင် အင်အားစုတွေရဲ့ အခြေအနေကို လျစ်လျူရှုထားဖို့ မဖြစ်နိုင်တော့ကြောင်း လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ 

အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွေအပါအဝင် အိန္ဒိယရဲ့ ကုလားတန်ဘက်စုံ စီမံကိန်းအတွက် အရေးပါတဲ့ ပလက်ဝဒေသထဲက အရေးပါတဲ့ နေရာတွေကို တော်လှန်ရေး အင်အားစုတွေက စိုးမိုးလာတာဟာ အိန္ဒိယအစိုးရအတွက် မူဝါဒတချို့ကို ပြန်သုံးသပ်ရမဲ့ အခြေအနေ ဆိုက်ရောက်လာစေတယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့ လေ့လာသုံးသပ်သူတချို့က ပြောပါတယ်။ 

အိန္ဒိယနိုင်ငံက မီဇိုရမ်၊ မဏိပူရ်၊ နာဂလန်းနဲ့ အရန်နာချေးပရာဒက်ရှ် ဆိုတဲ့ လေးပြည်နယ်က မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

အိန္ဒိယသတင်းစာတချို့မှာတော့ စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ပိုကျယ်ပြန့်လာသလို အိန္ဒိယ-မြန်မာနယ်စပ် လမ်းကြောင်းကနေ အိန္ဒိယနိုင်ငံဘက်ကို စစ်ဘေးရှောင်တွေဝင်ရောက်မှုများလာတာ၊ စစ်ကောင်စီတပ်သားတွေတော်တော်များများ အိန္ဒိယဘက် ထွက်ပြေးခိုလှုံလာတာ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားမှု တိုးလာတာကြောင့် အခုလို ခြံစည်းရိုးခတ်ဖို့ ဆောင်ရွက်လာတာဆိုပြီး ဖော်ပြပါတယ်။

နှစ်နိုင်ငံ နယ်စပ်အရှည်ဟာ ကီလိုမီတာ ၁၇၆၀ ကျော်ရှိပြီး၊ မိုင်နဲ့ဆိုရင် ၁၀၉၄ မိုင်ကျော် ရှိပါတယ်။ အခုတော့ လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားလာခွင့် ပေးထားတာကို ဖျက်သိမ်းပြီး၊ နယ်စပ်တစ်လျှောက်လုံး ခြံစည်းရိုးကို နောက်လာမယ့် လေးနှစ်ခွဲအတွင်း အပြီးကာဖို့ အိန္ဒိယအစိုးရက စီစဉ်နေတယ်လို့ အစိုးရအရာရှိတစ်ယောက်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး The Indian Express သတင်းမှာ ဇန်နဝါရီလ ၃ ရက်နေ့က ဖော်ပြခဲ့ပါတယ်။