မြင်းခြံမြို့တွင် လူငယ် ​၅ ဦးအား စစ်​ကောင်စီတပ် ပစ်သတ်

ဓါတု

(မဇ္ဈိမ)။ ။မန္တ​လေးတိုင်း၊ မြင်းခြံမြို့အ​ရှေ့ဘက် မန်ကျည်းတမျှား​တော​ကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက် ၁ နာရီဝန်းကျင်က လူငယ် ငါးဦးအား စစ်​ကောင်စီတပ်က ပစ်သတ်သွား​ကြောင်း မျက်မြင်​တွေ့ရှိသည့်​ ​ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။

အဆိုပါ လူငယ် ငါးဦး၏မျက်လုံးကို အဝတ်ဖြင့်ပိတ်စည်းထား၍ ကား​ပေါ်မှဆွဲချပြီး ပစ်သတ်လိုက်ခြင်းဖြစ်​ကြောင်း ၎င်းကမဇ္စျိမကို​ ပြောသည်။

” ကားမီး​ရောင်ကို တခြားတ​နေရာထိုးပြီး အ​မှောင်ရိပ်ထဲ ပျူနဲ့ စစ်​ေ×ွးတွေက ​သူတို့ကိုသေနတ်နဲ့ ပစ်သတ်တယ်။ ချုံပုပ်ထဲက​နေ​ ချောင်းကြည့်လို့မြင်ရတာ၊ အဲ့ဒီအချိန်က တော​ကြောင်၊ ယုန်ထွက်တဲ့အချိန် ​တောလည်တဲ့ဓ​လေ့ဆို​တော့ အမဲလိုက်​နေရင်း ကားလာ​တော့ချုံထဲပုန်းရင်းမြင်လိုက်တာ”ဟု ၎င်းကဆိုသည်။

ယင်းပစ်သတ်ခံရသည့် လူငယ် ငါးဦးမှာ တောင်သာမြို့နယ် အမှတ်(၁) ရပ်ကွက်၊ အုတ်တိုက်​တော​ကျေးရွာမှ ကိုတင်မျိုးခိုင်(အသက် ၁၉ နှစ်)၊ကိုခိုင်ဝေဖြိုး (အသက် ၂၅နှစ်)၊ ကိုခံ​ပြော (အသက် ၁၉ နှစ်) ၊ ကိုမြတ်သူ (အသက် ၁၉ နှစ်)နှင့် မြင်းခြံမြို့နယ် အမှတ်(၂)ရပ်ကွက်မှ ကိုမွှားတား (အသက် ၂၄ နှစ်)တို့ဖြစ်ကြ​ကြောင်း ၎င်းတို့နှင့်​ဆွေမျိုးနီးစပ်သူတဦးက မဇ္စျိမကို​ပြောသည်။

” အသတ်ခံရတဲ့သူတို့တွေက သူငယ်ချင်း​တွေ အဲ့ဒီထဲက ကျွန်​တော့ညီတဝမ်းကွဲပါတယ်။ မြင်းခြံ မြို့​ပေါ်မတက်နဲ့ ​ခေတ်အ​ခြေအ​နေမ​ကောင်းဘူးဆိုပြီး အ​ဖေ အ​မေက လိုက်ခေါ်တာမရဘူး၊ မြို့​ပေါ်တက်ပြီး KTV သွားကြတာ မြင်းခြံမြို့​ပေါ် KTV ​တွေက စစ်​တပ်နဲ့ရဲတွေကြီးစိုးထားတာ။ သူတို့ကရိုးရိုးသာမန်လူငယ်​တွေဆို​တော့ ကြည့်ရတာရန်ဖြစ်တယ်နဲ့ တူတယ်”ဟု​ဆွေမျိုးနီးစပ်သူတဦးက ဆိုသည်။

အသတ်ခံရသည့်ရုပ်အ​လောင်းများကို သက်ဆိုင်သည့်မိသားစုများထံ အ​ကြောင်းမကြားသေးသဖြင့် အ​လောင်းပြန်မရ​ရှိသေး​ကြောင်း၎င်းကဆိုသည်။

အဆိုပါလူငယ်များအား စစ်​ကောင်စီတပ်မှပစ်သတ်သည့်နေရာနှင့် ကာရာအို​ကေဆိုင်(KTV)မှာ တမိုင်ဝန်းကျင်သာကွာ​ဝေး​ကြောင်း သိရသည်။

မြင်းခြံမြို့နယ်တွင် စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးအဖွဲ့မှ မကြာခဏဆိုသလို​ ဒေသခံများထံ ဆက်​ကြေး​ကောက်​ငွေညစ်​တောင်းခံခြင်း၊ နိုင်ထက် စီးနင်းပြုမူခြင်းများ လုပ်​ဆောင်​နေ​ကြောင်း​ဒေသခံများက ဆိုသည်။

စာတည်း- သန့်ဇော်(သန်လျင်)