အောင်ဇေယျစစ်ကြောင်း မြဝတီမြို့နှင့် နီးကပ်

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များကိုတွေ့ရစဉ် / Photo ဟန်ထူးဇော်

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များကိုတွေ့ရစဉ် / Photo ဟန်ထူးဇော်

သွင်ထူးဈာန်

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့ကို ဒုတိယကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်ဦးစီးသည့် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းထဲမှ တောလမ်းက ချီတက်လာသည့် စစ်ကြောင်းသည် ယခုအခါ မြဝတီမြို့နှင့် နီးကပ်လာနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

မြဝတီမြို့ကို ထိန်းချုပ်နိုင်ရန် ချီတက်လာသည့်စစ်ကြောင်းသည် လမ်းဟောင်း၊ အာရှလမ်းမကြီးနှင့် တောလမ်းကိုအသုံးပြုကာ စစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းဖြစ်သည်။

“အာရှလမ်းမကြီးကနေ လာတဲ့ကောင်တွေကို တောနော်ရေတံခွန်အထိ ပိတ်ထားနိုင်တယ်၊ တောလမ်းကနေလာတဲ့စစ်ကြောင်းတွေရှိတယ်၊ သူတို့က မြဝတီနဲ့ ပိုနီးလာတယ်၊ လူအင်အားအများကြီးသုံးပြီး နေရာစုံကနေ ဝင်တိုးနေတာ၊ သူတို့ဘက်က အကျအဆုံးများတယ်၊ ဒါပေမယ့် ဆက်တိုးနေတာပဲ၊ သူတို့က သေနတ်နဲ့ပစ်ပြီး တိုးလာတဲ့ပုံစံထက် ကျနော်တို့ရှိနိုင်တဲ့ဘက်ခြမ်းတွေကို လက်နက်ကြီးတွေနဲ့ပစ်တယ်၊ လေယာဉ်နဲ့ ဗုံးကြဲတယ်။ သံချပ်ကာကားတွေနဲ့ ပစ်တယ်၊ ပစ်တိုး တိုးတယ်ပေါ့” ဟု ရှေ့တန်းရောက်ရှိနေသည့် မြေပြင်သတင်းအရင်းအမြစ်တဦးမှ ပြောသည်။

မြဝတီမြို့အနီးတဝိုက်ကို တော်လှန်ရေးလက်နက်ကိုင်အင်အားစုများမှ ထိန်းချုပ်ထားနိုင်ခဲ့ခြင်းကြောင့် မြဝတီမြို့မကျအောင် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင်ဦးစီးကာ ရှမ်းတောင်အခြေစိုက် တပ်မ(၅၅)မှ တပ်ရင်းများဖြင့် အင်အားထောင်ကျော် ချီတက်ထိုးစစ်ဆင်လာနေခြင်း ဖြစ်သည်။

ယင်း စစ်ကြောင်းသည် ဧပြီလမှစတင်ကာ ချီတက်လာခြင်းဖြစ်ပြီး ကော့ကရိတ်မြို့ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့တွင်းရှိ ခလရ(၉၇)တပ်ရင်းနှင့် ပူးပေါင်းနိုင်ခဲ့သည်။

ဆက်လက်ပြီး ကော့ကရိတ်မြို့ သင်္ဃန်းညီနောင်လမ်းဟောင်းကို ထိုးစစ်ဆင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကျားဖြူစစ်ကြောင်းနှင့် ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားကာ တောင်သုံးလုံးစခန်း(ယခင် BGFစခန်းဟောင်း)အနီးတွင် ရပ်တန့်နေကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

“ဒီအောင်ဇေယျစစ်ဆင်ရေးမှာ ပထမအကြိမ်ကျနော်တို့ အထိနာသွားတယ်၊ ကျနော်တို့ သုံးသပ်ကြည့်တော့ သူတို့က မြေပြင်ရော ဝေဟင်ရော တိုက်ခိုက်တဲ့အခါကျတော့ အထိအခိုက်များသွားတယ်ပေါ့၊ အဲ့ဒီအတွက်လည်း ကျနော်တို့ ပြန်ပြင်ဆင်နေတယ်ပေါ့နော်၊ အခုလက်ရှိ ကျနော်တို့က ပြောက်ကျားနည်းနဲ့ ဆက်လက်လှုပ်ရှားနေတယ်ပေါ့နော်”ဟု ကျားဖြူစစ် ကြောင်း ဒုစစ်ကြောင်းမှူး ဗိုလ်ကျော်ဟိန်း(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ )မှ မဇ္ဈိမကိုပြောသည်။

ကော့ကရိတ်မြို့ကို စစ်ကြောင်းထိုးလာသည့် အောင်ဇေယျစစ်ကြောင်းသည် မြေပြင်၊ ဝေဟင်သာမက လက်နက်ကြီးမျိုးစုံအပြင် ဒရုန်းတိုက်ခိုက်မှုအများအပြားပြုလုပ်ခဲ့ပြီး ယင်းဒရုန်းတိုက်ခိုက်မှုတွင် ဓာတုဗုံးသီးများပါဝင်ခဲ့ကြောင်း ရှေ့တန်းရဲဘော်များထံမှ သိရသည်။

”စကစဘက်က ကော့ကရိတ်ကို ဝင်တိုးတော့ အတွဲလိုက်မစ်ဇိုင်းတွေရော ဒရုန်းတွေနဲ့ရော ဗုံးကြဲတာဗျ၊ ဒရုန်းဗုံးကြဲတာက ဓာတုဗုံးလို့ယူဆလို့ရတဲ့ အရာတွေပါတယ်၊ ပေ၂၀လောက်က ကျတဲ့ဗုံးသီးက လူကိုမထိပေမယ့် အဲ့က ထွက်လာတဲ့ အငွေ့တွေက ကျနော်တို့ရဲဘော်တွေ မူးမေ့တာတွေ အန်တာတွေ သတိလစ်တာတွေထိပါ ဖြစ်တာ၊ တခါထိတုန်းကဆို အယောက် ၃၀လောက်မူးမေ့သလိုဖြစ်ပြီး ထိသွားတာ၊ သက်သေပြနိုင်ဖို့ဆိုရင် အဲ့ဗုံးသီးအကြွင်းအကျန်ကို ယူဖို့အချိန်မရဘူး၊ ကိုယ့်ရဲဘော်တွေ အထိအခိုက်ကင်းအောင် ပြန်ဆုတ်လိုက်ရတယ်”ဟု ကျားဖြူစစ်ကြောင်းမှ ရဲဘော်(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)တဦးမှ ပြောသည်။

အဆိုပါတိုက်ပွဲတွင် ကျားဖြူစစ်ကြောင်းမှ ၁၀ဦးနီးပါး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်မှလည်း တပ်မ (၅၅)လက်အောက်ခံ ခလရ(၉၄)တပ်ရင်းမှူးအပါအဝင် အရာရှိအများပြားသေဆုံးခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

တပ်မ(၅၅)လက်အောက်ခံတပ်သား သုံးဦး အလင်းဝင်လာခဲ့ကြောင်း ကျားဖြူစစ်ကြောင်းမှ ထုတ်ပြန်ထားပြီး အောင်ဇေယျစစ်ကြောင်းမှ တပ်သား ၁၀ဦးကျော် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းမြစ်များထံမှ သိရသည်။

အောင်ဇေယျစစ်ကြောင်းသည် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ထော်ကော့ကိုတို့မှ စစ်ကြောင်း သုံးကြောင်းဖြင့်လှုပ်ရှားလာရာ စစ်ကြောင်းအင်အားနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် အတည်မပြုနိုင်သေးပေ။

ရှမ်းပြည်နှင့် ရခိုင်ပြည်တို့မှ တိုက်ပွဲအတွင်း လက်နက်ချသူများ ထွက်ပြေးလာသူများကို ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီမှ ပြန်လည်အသုံးပြုထားပြီး တပ်သားအသစ်များပါ ပါဝင်လာနေကြောင်း အမည်မဖော်လိုသူ CDMစစ်သားတဦးမှ ပြောသည်။

မြေပြင်တိုက်ပွဲအခြေနေနှင့် ပတ်သက်ပြီး တောင်ပိုင်းတိုင်း အမှတ်(၃)စစ်ဒေသမှူး စောရှားဖောင်နှင့် ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်စောကောတို့ကို ဆက်သွယ်မေးမြန်းရာ လက်တလောအခြေနေအရ မဖြေကြားနိုင်သေးကြောင်း ငြင်းဆိုထားသည်။

ယင်း အောင်ဇေယျစစ်ဆင်ရေးချီတက်လာသည့် လမ်းကြောင်းကို KNU ဦးဆောင်မှုဖြင့် လမ်းဟောင်းတွင် ဗိုလ်ကျော်သက်ဦးဆောင်သည့် (၃၁)ဗျူဟာနှင့် ဗိုလ်တာဘောဦးဆောင်သည့် (၃၂)ဗျူဟာတို့မှ ခုခံစစ်ဖြင့် ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)