ပြင်သစ်တွင်ကျောင်းတက်နေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်၏ သမီးကို စစ်ဆေးမှုများ ပြုလုပ်

Photo- JFM

Photo- JFM

002

(မဇ္ဈိိမ) ။ ။ ပြင်သစ်နိုင်ငံတွင် နေထိုင်ခွင့် ဗီဇာသက်တမ်း တိုးမပေးရန်နှင့် တက်ရောက်နေသည့် ကျောင်းမှလည်း လက်ခံခြင်းမပြုရန် တောင်းဆိုခံထားရသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်၏သမီးဖြစ်သူ မသိမ့်၀င်းထက်ကို ၎င်းတက်ရောက်နေသည့် ကျောင်းဘက်က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ပြင်သစ်သတင်းဌာန Le Monde ကို ကိုးကားပြီး Justic for Myanmar က ထုတ်ပြန်သည်။

ပြင်သစ်ရှိ မသိမ့်၀င်းထက် တက်ရောက်နေသည့် စီးပွားရေးပညာရပ် ကျောင်းဖြစ်သည့် HEC Paris ကျောင်းက ရှေ့နေတဦးနှင့် စုံစမ်းမေးမြန်းမှုများ လုပ်ဆောင်နေခြင်းဟု JFM က ပြောသည်။

စစ်ကောင်စီနှင့် ဆက်နွယ်နေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌ၏ သမီးဖြစ်သူ မသိမ့်ဝင်းထက်ကို စုံစမ်းစစ်ဆေးပြီး ၎င်း၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန်နှင့် နေထိုင်ခွင့်ဗီဇာ ပြန်လည်ရုပ်သိမ်းရန် ပြင်သစ်အစိုးရကို Justice For Myanmar နှင့် Info Birmanie တို့က ဧပြီလအတွင်း စာရေးသား တောင်းဆိုပြီးနောက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လာခြင်း ဖြစ်သည်။

မသိမ့်၀င်းထက်မှာ ပြင်သစ်နိုင်ငံအတွင်း နေထိုင်ခွင့် ဗီဇာကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် သက်တမ်းတိုးရတော့မည် ဖြစ်သည်။

“အကယ်၍ ဥရောပသမဂ္ဂ ဒါမှမဟုတ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိနေခဲ့မယ်ဆိုရင် ဗီဇာထုတ်ပေးမှာ မဟုတ်ပါဘူး။ အဲဒီမိန်းကလေးအနေနဲ့ ဗီဇာသက်တမ်းတိုး လျှောက်လာပြီဆိုရင် ဒါက ပြဿနာတရပ် ဖြစ်လာမှာပါ” ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြင်သစ်သတင်းဌာနက Le Monde ကို ပြောသည်။

HEC Paris ကျောင်းတာဝန်ရှိသူတဦးက ၎င်းတို့အနေဖြင့် ရှေ့နေတဦးနှင့် စုံစမ်းမေးမြန်းမှုများ လုပ်ဆောင်လျက်ရှိပြီး “ကျောင်း၏ ကျင့်ဝတ် ဆိုင်ရာ ကတိကဝတ်များနှင့် ဆန့်ကျင်နေသည့် အခြေအနေ သို့မဟုတ် လုပ်ရပ်ရှိကြောင်း အသိပေး တင်ပြမှုမှန်သမျှကို အလွန် အလေးအနက်ထား ဆောင်ရွက်ပါတယ်” ဟု Le Monde သတင်းဌာနကို ပြောသည်။

မသိမ့်ဝင်းထက်သည် စစ်ကောင်စီနှင့် သိသာထင်ရှားသော ဆက်ဆံရေး ရှိသည့် ခရိုနီစီးပွားရေးလုပ်ငန်းစုကြီး ရွှေဗျိုင်းဖြူ ကုမ္ပဏီ ဥက္ကဋ္ဌ သိန်းဝင်းဇော်၏ သမီးဖြစ်သည်။

ထိုသို့ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေမှုနှင့် ပတ်သက်ပြီး ရွှေဗျိုင်းဖြူ ကုမ္ပဏီဘက်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲ ဖြစ်သည်။

ရွှေဗျိုင်းဖြူအုပ်စု ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်၊ ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်းနှင့် သမီးဖြစ်သူ မသိမ့်ဝင်းထက် အပါအဝင် သားသမီးလေးဦးကို ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည်။

စာတည်း။ ။ နောင်နောင်