ကန်ပက်လက်မြို့နယ်တွင် အရပ်သားကား ၂စီး ပစ်ခတ်ခံရ

ပုံအညွှန်း – ကန်ပက်လက်မြို့နယ်အတွင်း ကိုယ်ထူကိုယ်ထဖောက်ထားသည့်လမ်း/ဓါတ်ပုံ – ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်တွင် အရပ်သား ကားနှစ်စီး ပစ်ခတ်
ခံရကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet က ဇန်နဝါရီလ ၂၈ရက်နေ့တွင်ထုတ် ပြန်သည်။

“သူကအရပ်သားရိုးရိုးကားဆရာပါ၊ ဆန်နဲ့စားသောက်စရာပို့ဖို့ တက်သွားရင်း အခုလိုဖြစ်သွားရတာပါ” ဟု ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက မဇ္စျိမကိုပြောသည်။

ကန်ပက်လက်မြို့နယ် အမှတ်(၅)ဒေသ ၊ မကြားကျေးရွာအုပ်စု ၊ လုံဘောက်ကျေးရွာ နယ်နမိတ်အတွင်း၌ ကားနှစ်စီးကို လက်နက်ကိုင်အချို့က ဇန်နဝါရီလ ၂၇ရက် နံနက်၁၁နာရီအချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းသို့ပစ်ခတ်မှုကြောင့် ကားမောင်းသူ အမျိုးသားတဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကြားသိခဲ့ရသည့်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရပ်သားပြည်သူ ထိခိုက်နစ်နာစေသော မည်သည့်လုပ်ရပ် ၊ လူပုဂ္ဂိုလ်နှင့် အဖွဲ့ အစည်းမှန်သမျှကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း CDF – Kanpetlet ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါဖြစ်ရပ် အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ပြစ်မှုကျူးလွန်သူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ကန်ပက်လက်မြို့နယ် အမှတ်(၅) တိုက်နယ်အတွင်းရှိ အများပြည်သူများအနေဖြင့် လုံခြုံရေးသတိဖြင့် သွားလာနေထိုင်ရန်နှင့် ထူးခြားဖြစ်စဥ်များ ပေါ်ပေါက်ပါက သက်ဆိုင်ရာသို့ အချိန်နှင့်တပြေးညီ သတင်းပို့ကြရန် CDF – Kanpetlet က တိုက်တွန်းထားသည်။

စစ်ကောင်စီတပ်ကို တော်လှန်ခုခံလျက်ရှိသည့်အတွက် ကျည်ဖြည့်တင်းနိုင်ရေးနှင့် ရှေ့တန်းမှ လိုအပ်ချက်များအား ဖြည့်တင်းနိုင်ရန် “လက်တွဲကူညီ ….. လောက်နူးဆီ” ကံစမ်းမဲတွင် ပါဝင်ကြပါရန်လည်း CDF – Kanpetlet က ဖိတ်ခေါ်ထားသည်။

ကံစမ်းမဲတစောင်လျှင် ၁၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီး ကာလတန်ဘိုး ကျပ် ၁၀၀,၀၀၀ ကျော်ရှိသည့် လက်ရက်ထည် ရိုးရာဝတ်စုံများကို ပြန်လည်ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ