နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၂၉ဇန်နဝါရီ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • အကြမ်းဖက်စစ်တပ်နှင့် အတူ လက်နက်အားကိုးအနိုင်ကျင့်လိုသည့် အကျင့်ဆိုးကို နွေဦး တော်လှန်ရေးတွင် အမြစ်ဖြတ်ပစ်နိုင်ရေးအတွက် အားထုတ်သင့်ကြောင်း ယနေ့ကျ ရောက်သော ဦးကိုနီ နှင့် ကိုနေဝင်း ကျဆုံးခြင်း ၇ နှစ်ပြည့်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်း ထုတ်ပြန်လိုက်သည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနစစ်ကြောင်းမှ ဦးစီးဖွင့်သည့် အခြေခံစစ်သင်တန်းကို တောင်ပိုင်းစစ်ဒေသ မွန်ပြည်တော်လှန်‌ရေးတပ် နှင့် တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲ‌ဘော်များတက်ရောက်ခဲ့ကြကြောင်း မွန်ပြည်တော်လှန်ရေးတပ်ထံမှ သိရသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အကြမ်းဖက် စစ်ကောင်စီနှင့်  ပူးပေါင်းနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏  ဗဟိုအလုပ်အမှုဆောင် ၆၄ ဦးကို အမည်ပျက်စာရင်း သွင်းလိုက် ကြောင်း ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်သည်။ 
  • အမေရိကန်ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီမှာရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ၊ ပြည်ထောင်စု ဝန်ကြီးများ နှင့်  အမေရိကန်ရောက် မြန်မာနိုင်ငံသားများတွေ့ဆုံပွဲကို ဒေသစံတော်ချိန် ဇန်နဝါရီ ၂၈ ၊ ညနေ ၅ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 
  • မကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်း စစ်ရှောင် ပြည်သူများကို အချိန်နှင့် တပြေးညီကူညီထောက်ပံ့မှုပြုလုပ်ခဲ့ကြောင်း ဂန့်ဂေါ ပကဖ ထုတ်ပြန် သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • နွေဦးတော်လှန်ရေးကာလ သုံးနှစ်ပြည့်ဖြစ်သည့် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူ တရပ်လုံး ပါဝင်ဆင်နွှဲနိုင်သည့် အသံတိတ်သပိတ်နှင့် အဖြူရောင်လှုပ်ရှားမှုများကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ဖော်ဆောင်မည်ဖြစ်ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB က ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်တွင် အသိပေးထုတ်ပြန်သည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ ဗျုဟာတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည့် KIA နှင့် KPDF တို့ကို ရှမ်းမြောက်ဒေသခံများက ယနေ့ ဇန်နဝါရီလ ၂၉ရက်နေ့တွင် ကြိုဆိုကြသည်ဟု သိရသည်။ 
  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အရပ်သားတစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ် ပြီးနောက် PDF ဟုစွပ်စွဲကာ လမ်းဘေးစွန့်ပစ်ထားခဲ့ကြောင်း သတင်းရရှိသည်။ 
  • မုံရွာ -မန္တလေး လမ်းမကြီးပေါ်ရှိ မုံရွာ -ချောင်းဦး လမ်းပိုင်းကို ည ၈နာရီမှ နံနက်၅နာရီအတွင်း ဖြတ်သန်းသွားလာခြင်း မပြုကြရန် Area 71People Defense Force Monywa က ယမန်နေ့ ဇန်နဝါရီလ ၂၈ရက်တွင် ထုတ်ပြန်သည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်က မြို့အဝင်အထွက်ကို ပိတ်ဆို့ထား သောကြောင့် ဒေသခံများပိတ်မိနေသကဲ့သို့ ဝင်ရောက်လိုသူများလည်း ဝင်ရောက်ခွင့်မရ ဖြစ်နေကြောင်း သိရသည်။ 
  • မန္တလေးတိုင်းရှိ စစ်တက္ကသိုလ်များဖွင့်လှစ်ထားသဖြင့် စစ်တပ်မြို့​တော်ဟု လူသိများ​သော ပြင်ဦးလွင်မြို့တွင် ကန်တော်ကြီးပတ်လမ်း၌ ပြည်သူ့ကာကွယ်​ရေးတက်မ​တော် (PDF) အလံ​တော် လာရောက်စိုက်ထူသွားကြောင်း​​​ဒေသခံများက​ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ချင်းပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ICNCC နှင့် Chinland Council ၂ ဖွဲ့ဖြစ်ပေါ်လာခြင်းက ချင်းလူမျိုးများအကြား စည်းလုံးညီညွတ်မှု ပြိုကွဲလာမည့် အခြေအနေများကို ကြုံတွေ့နေရ ပါ သဖြင့် ၂ ဖွဲ့စလုံးမှ တာဝန်ရှိသူများမှ ချင်းပြည်သူများစိတ်ဝမ်းမကွဲစေရေးအတွက် အမြန်ဆုံး တွေ့ဆုံညှိနှိုင်းကြရန် ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများမှ သဘောထားထုတ်ပြန်သည်။ 
  • ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မှ အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ ပြည်သူစစ်တပ်ဖွဲ့ဝင်များကို ပအိုဝ်းအမျိုးသားချင်း စစ်မတိုက်လိုဘဲ၊ စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသော အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ကူး ပြောင်းရန် တိုက်တွန်းထားသည်။ 
  • ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ပအိုဝ်လူမျိုးစုဒေသအတွင်း၌ရှိသည့် အကြမ်းဖက်စစ်ကောင်စီ ယန္တရားမလည်ပတ်နိုင်သည့်အထိ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် အတူ ပူးပေါင်းကာ တိုက်ပွဲဝင်သွားမည်ဟု  ရှမ်းပြည်(တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU)က အသိပေးထုတ်ပြန်ထားသည်။ 
  • လောက်ကိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံများထိန်းချုပ်နေရာများမှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သူ ၃၆,၀၀၀ မှ ၄၀,၀၀၀ နီးပါးကို တရုတ်နိုင်ငံတာဝန်ရှိသူများထံသို့ စစ်ကောင်စီ က ပြန်လည်ပို့ဆောင်ထားသော်လည်း ကျားဖြန့်ခေါင်းဆောင်ပိုင်းများကို စစ်ကောင်စီ မှ ဆက်လက်အကာအကွယ်ပေးထားဆဲဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ထုတ်ပြန်သည်။ 
  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၃၈၀)အား အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ပြီး စစ်ကောင်စီတပ်သည် ရမ်းဗြဲမြို့ကို ဓာတုဗုံးများ အသုံးပြု၍ တိုက်ခိုက် ဖျက်ဆီးနေသည်ဟု ရက္ခိုင့်တပ်တော်(AA)က ယနေ့ ဇန်နဝါရီလ ၂၉ရက်၌ ထုတ်ပြန်သည်။ 
  • စစ်ဆင်ရေး ၁၀၂၇ အတွင်း ရှမ်းပြည်နယ်‌မြောက်ပိုင်းရှိ အပြီးသတ် သိမ်းပိုက်ရန်ကျန်နေသည့် မြို့များကို ပိတ်ဆို့၀န်းရံထားပြီး အာဏာရှင်ပြုတ်ကျရေးလုပ်ငန်းကို “တမိနစ်မျှ အလဟသ မဖြစ်အောင်” လုပ်ဆောင်နေသည်ဟု မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၂၈ ရက်ညပိုင်းတွင် ထုတ်ပြန် သည်။ 
  • မြ၀တီမြို့နယ် သင်္ကန်းညီနောင်တွင် ယနေ့ မွန်းလွဲပိုင်း၌ KNLA ပူးပေါင်းတပ်ဖွဲ့လက်ချက်ဖြင့် စစ်ကောင်စီတပ် ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ပြီး တပ်မ(၄၄)တပ်မမှူးအပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ကနဦးသတင်းသိရှိရသည်။ 

စစ်ကောင်စီ 

  • ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ဇန်နဝါရီ ၂၇ ရက်ကကျင်းပသည့် စတုတ္ထအကြိမ် ရုရှား-မြန်မာ စီးပွားရေး ဖိုရမ်အတွင်း ရုရှားရင်းနှီးမြှုပ်နှံမှုများကို အပြည့်အဝကာကွယ်ပေးမယ်လို့ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောခဲ့သည်။ 
  • ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်း နိုင်ငံရေးအရ ဆွေးနွေး ဆောင်ရွက်ပြီး လွှတ်တော်၌ အတည်ပြုရန်လိုကြောင်းနှင့် လက်နက်ကိုင် လမ်းစဉ်ဖြင့် တောင်းဆိုလို့ မရနိုင်ကြောင်း ဇန်နဝါရီ (၂၆) ရက်က စစ်ကောင်စီ အစည်းအဝေး အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။ 
  • စစ်ခေါင်းဆောင်နှင့်ဝန်ကြီးအဆင့်တက်ရောက်ခွင့်မရ၍ ၂နှစ်ကျော်ကြာ ပါဝင်တက် ရောက်ခြင်း မရှိခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်မှ အကြီးတန်းအရာရှိတစ်ဦးကို စေလွှတ်ကာ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ ကြောင်း သိရသည်။ 
  • မန္တလေးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ် မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်ကို ဇန်နဝါရီ ၁၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မိတ္ထီလာမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၇၂ ခုမှ ပြည်သူ ၃၁၀၊ သာစည်မြို့နယ်ရပ်ကွက်/ ကျေးရွာအုပ်စု ၅၀ မှ ပြည်သူ ၂၅၀ စုစုပေါင်း ၅၆၀ တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြ ကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။ 
  • ဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၄၊ အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။ 

ဇန်နဝါရီ ၂၉ သုံးသပ်ချက် 

  • တော်လှန်ရေးအင်အားစုများမှ စစ်ကောင်စီ၏ စခန်းများ မြို့များကို နေ့စဉ်ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေသည့်အပြင်  ယနေ့လည်း စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကိုပါ ပျက်ကျအောင် ပစ်ခတ်နိုင်သည်ထိ လက်သံပြောင်နေသည်။ 
  • အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်သည် စစ်ရှုံးကာ နယ်မြေများနှင့်မြို့များ လက်လွှတ်နေရ တာတောင် အတုအယောင်ရွေး‌ကောက်ပွဲလုပ်ကာ ပြည်သူ့ခန့်ထားသည့် အစိုးရအဖွဲ့ပုံစံမျိုး ဖန်တီးကာ နိုင်ငံအာဏာကို ဆက်ယူရန် ကြိုးစားနေသည်။