Breaking news|သင်္ကန်းညီနောင်တွင် စစ်ကောင်စီရဟတ်ယာဉ်ပစ်ချခံရ၊ဗိုလ်မှူးချုပ်အေးမင်းနောင်အပါအဝင် ၅ ဦးထက်မနည်း သေဆုံးဟု သတင်းထွက်ပေါ်

KNLA တပ်ဖွဲ့ဝင််များတွေ့ရစဉ်

ဂျူချန်း၊ ရွှေနွယ်၊YT

မဇ္ဈိမ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ကန်းညီနောင်တွင် ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီရဟတ်ယာဉ်တစီး ပစ်ချခံရပြီး ရဟတ်ယာဉ်ပေါ်ပါ တပ်မ(၄၄) တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးသွားကြောင်း ကနဦးသတင်းရရှိသည်။

“ဒီနေ့နေ့လယ် ၂နာရီခွဲ နဲ့ ၃ နာရီကြားမှာပါ။ ခလရ (၃၅၆) အနီးမှာပါ။ ကျန်တာ သက်ဆိုင်ရာက ထုတ်ပြန်ပါလိမ့်မယ်” ဟု ပူးပေါင်းတပ်ဖွဲ့မှ ရှေ့တန်းရဲဘော်တဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီနှင့်နှင့်နီးစပ်သည့် ဒေသခံသတင်းရင်းမြစ်တဦးက” ပစ်ချခံလိုက်ရတာ ဟုတ်တယ်နော်။ သူတို့ ပုဇဉ်းနဲ့ လူလာလဲတာပေါ့။ လူလဲဖို့စီစဉ်နေတာကြာပြီ။ အခုလာလဲတာပေါ့။ အဲ့ဒါကို ဒီဘက်က သတင်းရလို့ စောင့်လုပ်လိုက်တဲ့သဘောပဲ။ တပ်မမှူး ထိထားတယ်။ ဒီကောင်တွေ သတင်းအမှောင်ချထားတယ်”ဟု ပြောသည်။

ဒေသခံအမျိုးသမီးတဦးကလည်း ” လာပစ်သွားတယ်လေ။ စစ်သားတွေထိတယ် ကားနဲ့တင်သွားတာ တွေ့တယ်” ဟု ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် သင်္ကန်းညီနောင်ရှိ ခမရ(၃၅၅)နှင့် ခမရ(၃၅၆) သို့ စစ်ကူလာပို့သည့် ရဟတ်ယာဉ်ကို KNLA နှင့် ပူးပေါင်းတပ်မှ ပစ်ချလိုက်ခြင်းဟု ၎င်းက ဆိုသည်။ ရဟတ်ယာဉ်ပေါ်တွင် တပ်မ(၄၄) တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် စစ်ကောင်တပ်စီဖွဲ့ဝင် ငါးဦးထက်မနည်း လိုက်ပါလာပြီး အားလုံးသေဆုံးသွားကြောင်းသတင်းများ ထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပစ်ချခံရသည့်ဖြစ်စဉ်နှင့် ရဟတ်ယာဉ်အမျိုးအစားကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။။

ကာကွယ်ရေးရဲဘော်များနှင့် အဆက်အသွယ်ရှိသည့် မြဝတီဒေသခံတဦးက “အဲ့သတင်း ကျနော်တို့ကြားသလောက် ဟုတ်ပါတယ်။ စနိုက်ပါရော၊ ဒရုန်းတွေရော၊ လက်နက်ငယ်တွေရော၊ စနစ်တကျစီစဉ်ပြီးတော့မှ ဝိုင်းပစ်တာလို့ သိရတယ်” ဟု ပြောသည်။

ပစ်ချခံရသည့် ရဟတ်ယာဉ်သည် ခမရ(၃၅၅) နှင့် ခလရ(၃၅၆) တပ်ရင်းနှစ်ခုကြားတွင် ပျက်ကျသွားခကြောင်း ဒေသခံအချို့က ပြောသည်။

ဒေသအခြေစိုက် KIC သတင်းဌာနက တပ်ချိန်းရန်လာသည့် ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့ က စနိုက်ပါဖြင့် ပစ်ခတ်ရာလေယာဉ်မှူးကို ထိမှန်ပြီး ရဟတ်ယာဉ်ပျက်ကျခြင်းဟု စစ်မြေပြင် သတင်းအရင်းမြစ်ကို ကိုးကား၍ ယနေ့ ညနေ ၄နာရီခန့်၌ ရေးသားဖော်ပြထားသည်။

စာတည်း – အေးချမ်း