မင်းပြားရှိ လက်ကျန်တပ်ရင်းများကို အပြီးသတ် သိမ်းပိုက်ရန် AA ဆက်လက်ထိုးစစ်ဆင်

စစ်ကောင်စီတပ်စခန်းတခုကို စီးနင်းထားသော AA တိုက်ခိိုက်ရေးတပ်ဖွဲ့ဝင်အချို့ကို‌ တွေ့ရစဉ်

မဇ္ဈိမ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ရှိနေသည့် စစ်ကောင်စီတပ်ရင်း သုံးခုအနက် ခမရ (၃၇၉) အား အပြီးသတ် သိမ်းယူနိုင်ရန် AA က အပြင်းအထန် ထိုးစစ်ဆင်နေဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၂၉ ရက်နေ့ညတွင် ထုတ်ပြန်သည်။

မင်းပြားမြို့တွင် စစ်ကောင်စီတပ်၏ ခမရ (၃၇၉) ၊ (၅၄၁) နှင့် (၃၈၀) တပ်ရင်း သုံးခုရှိပြီး ခမရ (၃၈၀) တပ်ရင်းအား ဇန်နဝါရီ ၂၈ ရက်တွင် AA က အပြီးသတ် သိမ်းပိုက်ထားသည်။ စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့ပြီး လက်နက်များလည်း ရရှိခဲ့ကြောင်း သိရသည်။

ကျန်ရှိနေသည့် တပ်ရင်းနှစ်ခုအနက် ခမရ (၃၇၉) တပ်ရင်းအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ရန်အတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီဘက်မှလည်း လေကြောင်းအသုံးပြုပြီး တန်ပြန်တိုက်ခိုက်နေသည်။

ဇန်နဝါရီ ၂၉ ရက် နေ့လယ် ၂ နာရီ နှင့် ၄ နာရီခန့်တွင် မင်းပြားမြို့ကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မင်းပြားအပြင် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ရမ်းဗြဲတို့တွင် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ရက္ခိုင့်တပ်တော် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသော မင်းပြားမြို့နှင့် မိုင် ၅၀ ခန့်အကွာက ပေါက်တောမြို့ကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက် သိမ်းပိုက် ထားသည်။

ယာယီအပစ်ရပ်စဲမှုသဘောတူညီချက်အရ ကိုးကန့်နှင့် တအာင်းဒေသများ၌ ထိတွေ့တိုက်ပွဲများ ကြီးကြီးမားမား မရှိသော်လည်း ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများမှာ ပြင်းထန်လျက်ရှိသည်။

၁၀၂၇ စစ်ဆင်ရေးကြီး၏ (၉၅) ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သကဲ့သို့ စစ်ဆင်ရေး သုံးလတာအတွင်း သတ်မှတ်ထားသည့် စစ်ရေး၊ နိုင်ငံ‌ရေးရည်မှန်းချက်များအတိုင်း တရက်မျှရပ်နားခြင်း မရှိဘဲ ဆက်လက်ရွေ့လျားနေဆဲဖြစ်သည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာ နေရာများသာမက အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများအား ဦးတည်ပစ်မှတ်ထားသည့် လက်နက်ကြီးနှင့် လေကြောင်းတိုက် ခိုက်မှုများအား ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်းလည်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်