ဘုတလင်မြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဒေသခံအမျိုးသမီးသေဆုံး

ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်၍ ပျက်စီးသွားသည့်နေအိမ်တလုံး

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊ ဝက်လူးအိုင်ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၂၀ ရက် ညနေ၃ နာရီခွဲအချိန်တွင် လေကြောင်းမှတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံအမျိုးသမီးတဦး သေဆုံးခဲ့သည်။

“ Y-12 ကင်းထောက်လေယာဉ်နဲ့ ပတ်ကင်းထောက်ပြီး ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဂျက်တိုက်လေယာဉ်နဲ့ လေးပတ်ပတ်ပြီး ရော့ကဒ်အကြီးစားတွေနဲ့ ရွာပေါ်တည့်တည့် ၁၆ ချက် ပစ်ခတ်သွားတာ ဖြစ်တယ်” ဟု မဇ္စျိမ၏ မြေပြင်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝက်လူးအိုင်ဒေသခံ အသက်(၇၂) အရွယ် ဒေါ်ထုပ်သည် ဦးခေါင်း၌ လက်နက်ကြီးစထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။ထို့အပြင် အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့ပြီး အိမ်မွေးတိရစ္ဆာန်အချို့သေဆုံးခဲ့ကြောင်း သိရသည်။

ဘုတလင်မြို့သည် လတ်တလောတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးတင်းမာနေသော ကနီမြို့နှင့် ချင်းတွင်းမြစ်ခြားလျက်တည်ရှိသည်။ ပြီးခဲ့သည့် မတ်လ(၂)ရက်မှစ၍ ကနီမြို့မှ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီသည် ကနီမြို့ကို လေကြောင်းနှင့်လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေသလို ယခုအခါ ဘုတလင်မြို့နယ်အတွင်းကိုလည်း လေကြောင်းမှတိုက်ခိုက်ခြင်းဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

“ကနီမြို့တဝိုက်နဲ့ မြို့နယ်အဆက်တွေကို Y-12 ကင်းထောက်လေယာဉ်တွေက အမြဲတန်း ဝဲနေတာ ဖြစ်တယ်။ စစ်တပ်က ကင်းထောက်လေယာဉ်တွေနဲ့ ထောက်လှမ်းပြီး လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေတာ ဖြစ်တယ်” ဟု ဒေသခံ ကာကွယ်ရေးရဲဘော်တဦးကွာ ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုများအပြင် မြေပြင်စစ်ကြောင်းများ ရောက်လာမည်ကိုစိုးရိမ်၍ ဒေသခံများသည် ညအချိန်များတွင် နေအိမ်များ၌မနေရဲဘဲ တောတောင်ယာခင်းများတွင် သွားရောက်ရှောင်တိမ်းနေထိုင်ကြရသည်။

စာတည်း – အေးချမ်း