စစ်ကောင်စီတပ်စခန်း ၂ ခုကို ၂ရက်အတွင်း KIA သိမ်းပိုက်

သိမ်းပိုက်ထားသော ခြေလျင်တပ်ရင်း (ခလရ – ၈၆) တပ်စခန်း

အဂမ်

မဇ္ဈိမ။ ။ ကချင်ပြည်နယ်တွင် နှစ်ရက်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်( KIA )က စစ်ကောင်စီတပ်စခန်း နှစ်ခုကို သိမ်းပိုက်လိုက်ကြောင်း KIA စစ်ရေးရုံးအချက်အလက်အရ သိရသည်။

ကချင်ပြည်နယ် မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်လောက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။

ဒေသအခေါ် ကိုက်ထိပ်စစ်ကောင်စီတပ်စခန်းကို KIA တပ်မဟာ (၃) ဌာနချုပ်တပ်ရင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းစခန်းက ကွန်ကရစ်များဖြင့် အခိုင်အမာတည်ဆောက်ထားသည့် စခန်းဖြစ်ကြောင်း KIAရှေ့တန်း သတင်းရင်းမြစ်က ယခုလိုဆိုသည်။

“ ဇန်နဝါရီလ ၂၉ က သိမ်းလိုက်တဲ့ သူတို့ (စစ်တပ်)က စခန်းကုန်း အမှန်ကန်လုပ်ထားတဲ့ စခန်းကုန်းဟုတ်တယ်။ ဘန်ကာတွေက ကွန်ကရစ်နှစ်ထပ်၊ သုံးထပ်လောက်ကို လုပ်ထားတာ” ဟု သတင်းရင်းမြစ်က ပြောသည်။

မံစီမြို့နှင့် မိုင် ၃၀ ခန့်အကွာတွင်တည်ရှိသည့် ကိုက်ထိပ်တွင် ပြည်သူများ နေထိုင်ခြင်းမရှိကြတော့ဘဲ KIAက ယင်းစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများကိုပါ လုပ်ဆောင်ထားပြီဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်တွင် တနိုင်းမြို့နယ် ဒရူကျေးရွာရှိ စစ်ကောင်စီခြေလျင်တပ်ရင်း(ခလရ – ၈၆) တပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

တနိုင်းချောင်း စက်လှေဆိပ်တည်ရှိရာ ဒရူကျေးရွာကို KIA တပ်မဟာ (၂) ပူးပေါင်းတပ်တို့က ယခု ဇန်နဝါရီ လ ၇ ရက်နေ့ကတည်းနေ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ဇန်နဝါရီလ ၂၈ မှာတော့ အလုံးစုံ အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“ ကျနော်တို့ တိုက်တဲ့အချိန်မှာ သူတို့က လေယာဥ်နဲ့ ကာဘာယူပြီး ထွက်ပြေးသွားကြတာဟုတ်တယ်။ ထိတာတော့ တော်တော်ထိမယ် ။ သွေးတွေ၊ ပတ်တီးတွေ၊ ဆေးထိုးအပ်တွေကို စခန်းရှင်းတော့ အများကြီး တွေ့ရတယ်။ ” ဟု KIAရှေ့တန်း သတင်းရင်းမြစ်က ပြောသည်။

လက်ရှိအချိန်တွင် တနိုင်းမြို့နယ် ဒရူ(တလူး)ကျေးရွာသည် ရွေ့ပြောင်း ရွှေတူးဖော်သူ အများအပြားရှိသည့် နေရာတခုဖြစ်ပြီး၊ ယခု KIA က သိမ်းပိုက်လိုက်သည့် တပ်စခန်းသည် ရွှေမှော်သို့ လာရောက်ကြသည့် စက်လှေများကို အကောက်ခွန်ကောက်နေသော စစ်ဆေးရေး တပ်စခန်းတခုလည်း ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)