အောင်မင်္ဂလာအဝေးပြေးကားဝင်းရှေ့မှ စရဖဝင်း လုံခြုံရေးဂိတ် မိုင်းခွဲခံရ

ပုံအညွှန်း- စရဖဝင်းကို ဖောက်ခွဲမှု ပြုလုပ်ရန် အသုံးပြုခဲ့သည့် မိုင်းများ (ဓါတ်ပုံ- မြောက်ဥက္ကလာပပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂))

ပုံအညွှန်း- စရဖဝင်းကို ဖောက်ခွဲမှု ပြုလုပ်ရန် အသုံးပြုခဲ့သည့် မိုင်းများ (ဓါတ်ပုံ- မြောက်ဥက္ကလာပပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂))

YT

(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကားဝင်းရှေ့ရှိ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)လိုင်းခန်းဝင်း လုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ပျက်စီးမှုများ ရှိကြောင်း မြောက်ဥက္ကလာပမြို့နယ် ပကဖ ဒု- တာဝန်ခံထံမှ သိရသည်။

မေလ ၃ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်တွင် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးဝင်းအဝင် အမှတ် (၃) လမ်းမကြီးဘေးရှိ လုံခြုံရေးဂိတ်ကို အားပြင်းသည့် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စရဖမိသားစုလိုင်းခန်းပေါ့။ ဝင်းက အကြီးကြီးပဲ၊ အပေါက်က နှစ်ပေါက်ရှိတယ်။ မင်္ဂလာဒုံဘက်အပေါက် ရယ် အောင်မင်္ဂလာအဝေးပြေးဂိတ်ဘက်က အပေါက်ရယ်။ အခုခွဲတာက အောင်မင်္ဂလာအဝေးပြေးဝင်း ဘက်က လုံခြုံရေးယူထားတဲ့ ဂိတ်ပေါက်ကိုခွဲတာပါ။ နေ့တိုင်းညတိုင်း လုံခြုံရေးရှိတယ်။ ဆိုင်ကယ်တွေ ကားတွေကိုစစ်တယ်၊ လမ်းမဘေးပဲ သူတို့ဂိတ်တံခါးက” ဟု မြောက်ဥက္ကလာပမြို့နယ် ပကဖ ဒု-တာဝန်ခံ က မဇ္ဈိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မြောက်ဥက္ကလာပပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)နှင့် NOKA- UG အဖွဲ့တို့ ပူးပေါင်း ၍ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂိတ်အနီးရှိကားတစီးပျက်စီးကာ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ဒဏ်ရာရမှုရှိကြောင်း မြောက်ဥက္ကလာပမြို့နယ် ပကဖ ဒု- တာဝန်ခံက မဇ္ဈိမကိုပြောသည်။

မိုင်းဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်သားများက အမှတ်(၃)လမ်းမနှင့် ခရေပင်လမ်းဆုံအနီး တဝိုက်၌ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေ ဖြင့် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့်အဝေးတွင် နေထိုင်သွားလာရန် မြောက်ဥက္ကလာပပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(၂)က သတိပေးချက်ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ကလည်း မြောက်ဥက္ကလာပပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)က ရွှေပေါက္ကံ မြို့သစ်၊ ညောင်ရမ်းလမ်းပေါ်ရှိ ရွှေပေါက္ကံရဲစခန်းဝင်ပေါက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ကင်းပတ်ရန်ထွက် လာသည့် ရဲနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ