မတ္တရာမှ စစ်ကောင်စီနေရာ ၅ ခုကို တိုက်ခိုက်

007

(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ထွေအုပ်ရုံးနှင့် EPC ရုံးအပါအဝင် စစ်ကောင်စီ နေရာငါးခုကို တိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး (မန္တလေး)ပြန်ကြားရေးဗျူရိုက ယမန်နေ့ ဇန်နဝါရီလ ၃၁ရက်တွင် သတင်းထုတ်ပြန်သည်။

မတ္တရာမြို့ပေါ်မှ အထက်ပါ ဌာနဆိုင်ရာရုံးနှစ်ရုံးနှင့် ကျေးရွာများအတွင်းစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းသုံးကြောင်းကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

“စုစုပေါင်းနေရာငါးနေရာကို ဗုံးသီး၁၀လုံးနဲ့တိုက်ခိုက်ခဲ့တယ်။ထွေအုပ်ရုံးမှာစစ်သားနှစ်ယောက်ထိတယ်။ EPC ရုံးမှာ NonCDM ၀န်ထမ်းတယောက်ထိတယ်လို့ မြေပြင်သတင်းအတည်ပြုချက်ရထားတယ်။ ကျန်တာတွေတော့အတည်ပြုနိုင်ဖို့စုံစမ်းနေတုန်းပါ” ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး)ပြန်ကြားရေးဗျူရိုမှတာ၀န်ရှိသူက မဇ္ဈိမကိုပြောသည်။

မတ္တရာမြို့ စကျင်တောင်ဘက်မှ မြွေကြည်ကုန်းနှင့်မြွေရွှေဂဲကျေးရွာသို့ စစ်ကြောင်းထိုး၀င်လာသော အင်အားနှစ်ရာခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို နံနက် ၈ နာရီခန့်တွင် ဒရုန်းဖြင့်ဗုံးသီးသုံးလုံးကြဲချခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် နေ့လယ် ၁၂ နာရီခန့်တွင် စကျင်ကျေးရွာ၌စခန်းချနားနေစဉ် ဒရုန်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး (မန္တလေး)ပြန်ကြား‌ရေးဗျူရို၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့နေ့ ညနေ ၄ နာရီခန့်တွင် မတ္တရာမြို့ပေါ်ရှိမြို့နယ်ထွေအုပ်ရုံး၊EPC ရုံးနှင့် ပန်းယျကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများကို မဇ္ဈိမအနေဖြင့်သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါတိုက်ခိုက်မှုများကို မြနန္ဒာဒရုန်းတပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင်ဒရုန်းအဖွဲ့၊ မတ္တရာမြို့နယ်(ပကဖ) တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် မတ္တရာမြို့အရှေ့ခြမ်းကျေးရွာများသို့ အင်အားဖြည့်တင်းနေပြီး လက်နက်ကြီးများဖြင့်လည်း ရမ်းသန်းပစ်ခတ်နေကြောင်း သိရသည်။

စာတည်း – အေးချမ်း