စစ်ကောင်စီ ခမရ (၅၄၀) တပ်ရင်းကို သိမ်းပိုက်ရာမှ ရရှိလာသည့် လက်နက်ခဲယမ်းများကို AA ထုတ်ပြန်

002

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်‌ ၊ မြောက်ဦးမြို့အ‌ခြေစိုက် စစ်ကောင်စီ ခမရ (၅၄၀) ကို သိမ်းပိုက်ရာမှ ရရှိလာသည့် လက်နက်ခဲယမ်းများကို ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်လာသည်။

ဇန်နဝါရီ ၃၀ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အလုံးစုံသိမ်းပိုက်ထား နိုင်ခဲ့ပြီဖြစ်‌ကြောင်း AA က ထုတ်ပြန်ထားသည်။

မြောက်ဦးမြို့တွင် စစ်ကောင်စီ၏ ခမရ (၅၄၀)၊ ခမရ (၃၇၇) နှင့် ခမရ (၃၇၈) ဟူ၍ တပ်ရင်းသုံးခုရှိပြီး ယင်းတပ်ရင်းများကို တပြိုင်တည်း ထိုးစစ်ဆင်ခဲ့‌ကြောင်း၊ ယခု သိမ်းပိုက်ရန် ကျန်ရှိနေသည့် ခမရ (၃၇၇) နှင့် ခမရ (၃၇၈) ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ရင်းများမှာ ကမ္ဘာ့အမွေအနှစ်၊ ရက္ခိုင့်အမွေအနှစ်များကို နှစ်ရှည်လများ ခိုးယူလုယက် ဖျက်ဆီးခဲ့သော၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သော တပ်ရင်းများ ဖြစ်သည်ဟု AA က ဆိုသည်။

ရခိုင်‌ဒေသအတွင်း၌ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ပြည်သူလူထုကို နှစ်ရှည်လများဒုက္ခပေးနေသော စစ်စခန်းများ၊ ဗျူဟာကုန်းများ၊ တပ်မဌာနချုပ်စခန်းများ၊ လက်နက်ကြီးတပ် စခန်းများနှင့် ရဲတပ်ရင်းများကို တစခန်းမကျန် ဗျူဟာမြောက်စွာ လိုက်လံချေမှုန်း တိုက်ခိုက်နေသည်ဟု AA က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှစပြီး AA က ပလက်ဝမြို့နှင့် ပလက်ဝဒေသ၊ ရခိုင်ပြည် ပေါက်တောမြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

ရခိုင်ဒေသစစ်ဆင်ရေးစတင်သည့် ၂၀၂၃ ခုနှစ် နို၀င်ဘာ ၁၃ ရက်မှ ဇန်နဝါရီလကုန်အထိ ရခိုင်‌ရှိ စစ်ကောင်စီတပ်ရင်း၊ စခန်းကုန်း ၂၇ ခုကို AA က သိမ်းပိုက်ထားပြီး ပလက်ဝဒေသရှိ ပလက်၀ မြို့အပါအ၀င် စစ်ကောင်စီစခန်း ၂၅ ခုကို သိမ်းပိုက်နိုင်ခဲ့ သည်။

စာတည်း။ ။အောင်ကျော်ဖြိုး