အုတ်တွင်းမြို့နယ်က ရဲစခန်း ဒရုန်းဖြင့်ဗုံးကြဲခံရပြီး စခန်းမှူးအပါအဝင် ၃ ဦးထိခိုက်ဟုဆို

ရွှေနွယ်

(မဇ္ဈိမ) ။ ။ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ရဲစခန်း ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီ ၄၀ မိနစ်ခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရိုးမစစ်ကြောင်း (၂) တို့ထံမှ သိရသည်။

“ဗုံးနှစ်လုံးကျတာ တော်တော်ပြင်းတယ်။ စခန်းမှူး ထွန်းမင်းလတ်နဲ့ တပ်သားနှစ်ဦး တောင်ငူဆေးရုံ ရောက်သွားတာ။ နောက်ဆက်တွဲကျန်းမာရေးအခြေအနေကိုတော့ မသိရသေးဘူး” ဟု ညောင်ခြေထောက်မြို့ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ရိုးမ(၂)စစ်ကြောင်းနှင့် အုတ်တွင်းမြို့နယ် (ပ.က.ဖ)အဖွဲ့တို့ ပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စခန်းမှူး၊နယ်ထိန်းနှင့် ဗိုလ်လေး စုစုပေါင်းသုံးဦး ပြင်းထန်ဒဏ်ရာ ထိခိုက်သွားပြီး ညတွင်းချင်း တောင်ငူဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်ဟု အထူးကွန်မန်ဒိုတပ်ရင်း -P29914- က ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ သုံးဦး၏ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြု စုံစမ်းနေဆဲဖြစ်သည်။

“နယ်ထိန်းနဲ့ ဗိုလ်လေးက တပွင့်အဆင့်။ စခန်းမှူးက နှစ်ပွင့်အဆင့်ပါ”ဟု CDM ရဲအရာရှိတဦးက မဇ္ဈိမကိုပြောသည်။

တိုက်ခိုက်ခံရသည့် ညောင်ခြေထောက်ရဲစခန်းသည် ရန်ကုန်−မန္တလေးလမ်းဟောင်းအနီးတွင် တည်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့ကလည်း ရန်ကုန်−မန္တလေးလမ်းဟောင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်း ရှစ်ခုအား စစ်ဒေသခွဲ(၂) ကွပ်ကဲရေး၏ ဦးဆောင်မှုဖြင့် ရိုးမစစ်ကြောင်း (၂) နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိပြီး စခန်းများကို ရှင်းလင်းနိုင်ခဲ့ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း -P29914- က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ