၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီထံမှသံချပ်ကာ ၁၉ စီး၊တင့်ကား ၄ စီးနှင့် လက်နက်ခဲယမ်းအများအပြား MNDAA ရရှိ

ပုံအညွှန်း-ချင်းရွှေဟော် မာကြာတစ်ပေါက်ပေါက်တောင်ကုန်းမှ သိမ်းဆည်းရရှိသည့် သံချပ်ကာ (The Kokang)

ဂျူချန်း

(မဇ္ဈိမ)။ ။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီထံမှ သံချပ်ကာ ၁၉ စီး၊တင့်ကားလေးစီးနှင့်ဒုံးပစ်လောင်ချာအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း MNDAA မှ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ကိုးကန့်တပ်မတော်(MNDAA)ခေါင်းဆောင်ဖုန်းတာရွှင်နှင့် ထိပ်ပိုင်းခေါင်းဆောင်များက ကွယ်လွန်သွားသည့် MNDAA ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဥက္ကဋ္ဌ ဖုန်းကျားရှင်နှင့် တပ်မှူးဖုန်းကျားဖူတို့ကို သွားရောက်ဂါရဝပြုခြင်းထုတ်ပြန်ချက်တွင် ၁၀၂၇ စစ်ဆင်ရေးရလဒ်များကိုပါ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ဖုန်းကျားရှင်သည် အသက် ၉၁ နှစ်အရွယ်တွင် လူကြီးရောဂါဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းရရှိသည့် သံချပ်ကာနှင့် တင့်ကား ၂၃ စီးအနက် ငါးစီးမှာ မီးလောင်ပျက်စီးခဲ့ပြီး ဒုံးပစ်လောင်ချာ ခုနစ်လက်နှင့် အခြားလက်နက်ခဲယမ်းအရေအတွက် သိန်းနှင့်ချီ၍ရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့ခြောက်မြို့၊နယ်စပ်ကုန်သွယ်ရေးဂိတ်လေးခုနှင့် စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၃၀၀ ကျော်ကို သိမ်းပိုက်ထားနိုင်ကြောင်းလည်း ဖော်ပြထားသည်။

MNDAA မှ သိမ်းပိုက်ထားနိုင်သည့် မြို့များမှာ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်းဆိုင်၊ မုန်းကိုး၊ ကွမ်းလုံ၊ ကုန်းကြမ်းမြို့တို့ဖြစ်ပြီး နယ်စပ်ဂိတ်လေးခုမှာ ချင်းရွှေဟော်နယ်စပ်ဂိတ်၊ မုံးကိုးနယ်စပ်ဂိတ်၊ ပန်ဆိုင်းနယ်စပ်ဂိတ်နှင့် မူဆယ်ရှိကျင်စန်းကျော့ နယ်စပ်ဂိတ်တို့ဖြစ်ကြောင်း မဇ္ဈိမမှ ရရှိထားသည့် အချက်အလက်အရ သိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ဗိုလ်မှူးချုပ်ခုနစ်ဦး အရှင်ဖမ်းဆီးရမိကာ စစ်ကောင်စီတပ်သား ၄,၀၀၀ ကျော် သေဆုံးပြီး ၂,၀၀၀ကျော် အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။ ထွက်ပြေးလွတ်မြောက်သူများလည်းရှိကြောင်း MNDAA က ထုတ်ပြန်ထားသည်။ဗိုလ်မှူးချုပ်များအပါအဝင်ဖမ်းဆီးခဲ့သူများကို MNDAA က ပြန်လွှတ်ပေးခဲ့သည်။

ကိုးကန့်ဒေသတွင် ၁၀၂၇ စစ်ဆင်ရေးကာလ ရက်ပေါင်း ၇၁ ရက်အတွင်း တိုက်ပွဲပေါင်း ရာနှင့်ချီ ဆင်နွှဲပြီးနောက် စစ်ကောင်စီလက်အောက်ခံတပ်သားများအားလုံးကို တိုက်ထုတ်ကာ ကိုးကန့်အထူးဒေသ(၁) ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဟုလည်း MNDAA ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့တို့ကြား တတိယအကြိမ်ဆွေးနွေးပြီးနောက် နှစ်ဖက်လက်မှတ်ရေးထိုးထားသည့် ဟိုင်ဂင်စာချုပ်အရ ပြီးခဲ့သည့်ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်ကာ ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ကြသည်။ လတ်တလောတွင် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲအရှိန်လျော့ကျသွားသော်လည်း သတ်မှတ်ထားသည့် စစ်ရေး၊ နိုင်ငံ‌ရေးရည်မှန်းချက်များအတိုင်း တရက်မျှရပ်နားခြင်းမရှိကြောင်း ညီနောင်သုံးဖွဲ့၏ ဇန်နဝါရီလ ၂၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က နမ္မတူ၊ မန်တုံ၊ နမ့်ခမ်း၊ မိုင်းလုံ၊ နမ့်ဆန်၊ မိုင်းငေါ့မြို့များကို သိမ်းယူထားသည်။ လတ်တလောတွင် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲအရှိန်လျော့နေသော်လည်း ညီနောင်သုံးဖွဲ့တွင် ပါဝင်သည့် ရက္ခိုင့်တပ်တော်(AA)က ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်မှ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းယူထားကာ ရခိုင်ပြည်နယ်မှ စစ်ကောင်စီစခန်းများကိုလည်း ဆက်လက်တိုက်ခိုက်နေသည်။

စာတည်း – အေးချမ်း