ဘီးလင်းမြို့နယ်တွင် ရဟတ်ယာဉ်ဖြင့် လာပို့သည့် ခဲယမ်း၊ ရိက္ခာများကို ပူးပေါင်းတပ်ဖွဲ့ သိမ်းဆည်း

ပုံအညွှန်း- သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီပိုင် လက်နက်၊ ခဲယမ်းများ (ဓါတ်ပုံ- Salween Press)

ပုံအညွှန်း- သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီပိုင် လက်နက်၊ ခဲယမ်းများ (ဓါတ်ပုံ- Salween Press)

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအလယ်ရှိ စစ်ကောင်စီတပ်စခန်းသို့ ရဟတ်ယာဉ်ဖြင့် လာပို့သည့် ရိက္ခာ၊ ခဲယမ်းနှင့် ဆေးဝါးများကို တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။

“စုစုပေါင်း ငါးထုပ်ရတာ။ ပစ္စည်းတွေ စားစရာတွေ အကုန် ပစ်ထုတ်ခိုင်းတယ်၊ ခဲယမ်းတွေပဲ ယူတယ်။ အစာတွေမှာ အဆိပ်တွေပါမှာစိုးလို့ ရဲဘော်တွေအတွက် အန္တရာယ် ဖြစ်မှာစိုးလို့ပါ” ဟု KNLA နှင့် နီးစပ်သည့် ထောက်ပို့အမျိုးသမီး ရဲဘော်က မဇ္ဈိမကိုပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် ဝင်းတာပန်စစ်ကောင်စီစခန်းသို့ လာချပေးသည့် ပစ္စည်းများကို သိမ်းဆည်းရမိခြင်းဖြစ်သည်ဟုဆိုသည်။

အလားတူ ဇန်နဝါရီလ ၃ ရက်နေ့တွင် တကြိမ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင်တကြိမ် အဆိုပါ ဝင်းတာပန်စခန်းသို့ ရဟတ်ယာဉ်ဖြင့် လာပို့သည့် လက်နက်၊ ခဲယမ်းများနှင့် ရိက္ခာများပါသည့် အထုပ် စုစုပေါင်း ငါးထုပ်ကိုလည်း တော်လှန်ရေးအင်အားစုများဘက်က သိမ်းဆည်းရယူနိုင်ခဲ့ကြောင်း KNU ဗဟိုက ဇန်နဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။

အမှတ်(၈) စစ်ဆင်ရေး ကွပ်ကဲမှူးဌာနချုပ် ( စကခ-၈) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၄၁၀) မှ စစ်ကောင်စီတပ်သားများ အထိုင်ချနေသည့် ဝင်းတာပန်စခန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအစောပိုင်းမှစတင်၍ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေခြင်းဖြစ်ပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဝင်းတာပန်စခန်း အနီးတဝိုက်၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ