မတူပီမြို့နယ်တွင် လူနေအိမ် ၅၀ကျော် မီးရှို့ဖျက်ဆီးခံရ

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ ချန်းပြန်း(ခ)ကျေးရွာတွင် ဖေဖော်ဝါရီလ ၂ရက် နံနက် ၈နာရီအချိန်ခန့်က လူနေအိမ် ၅၀ ကျော်မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက မဇ္စျိမကို ပြောသည်။

“လောလောဆယ် ကွင်းမဆင်းနိုင်သေးပေမဲ့ ကျနော်တို့ မြင်နေရတာတော့ ရှစ်အိမ် ကိုးအိမ်လောက်ပဲကျန်တော့မယ် ၊ အကုန်လုံး မီးလောင်ပြာကျသွားပြီ” ဟု ၎င်းက ဆိုသည်။

ချန်းပြန်းရွာတွင် နေအိမ် ၆၃ လုံးရှိပြီး စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေအနည်းငယ်သာ ရှိတော့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မတူပီမြို့အခြေစိုက် ခလရ(၃၀၄) မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ခန့် မတူပီ – မင်းတပ်လမ်းဘက်သို့ စစ်ကြောင်းထိုးလာစဉ် ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု CDF – Matupi က ထုတ်ပြန်ထားသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့သည် ဖေဖော်ဝါရီလ ၂ရက် မနက်ပိုင်းတွင် ချန်းပြန်း(ခ) ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက မဇ္စျိမကို ပြောသည်။

ချန်းပြန်းရွာရှိ ဒေသခံများသည် စစ်ကောင်စီတပ်စစ်ကြောင်းမရောက်မီ တိမ်းရှောင်ရန် စီစဥ်ခဲ့သဖြင့် အထိအခိုက်မရှိကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းနောက် စစ်ကောင်စီတပ်သား ၁၀၀ခန့်သည် မတူပီမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားပြီး ကျန်စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များသည် ချန်းပြန်း(ခ) ရွာအနီးတွင် ဆက်လက်တပ်စွဲထား သောကြောင့် အချိန်မရွေး တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်ကြောင်းနှင့် ပြည်သူများအနေဖြင့် မင်းတပ် – မတူပီလမ်းကို အသုံးပြုခရီးထွက်ခြင်း ၊ တောထွက်ခြင်း ၊ ခြံသွားခြင်းများ မပြုလုပ်ကြပါရန် CDF – Matupi က သတိပေးထားသည်။

ဇန်နဝါရီလ ၂၀ ရက်နှင့် ၂၁ရက်နေ့တို့တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးစစ်ကောင်စီဗျူဟာစခန်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းစွန့်ခွာ၍ မတူပီမြို့နယ်ဖက်သို့ ထွက်ပြေးသဖြင့် CDF – Matupi နှင့် မဟာမိတ်များက လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ