ကျိုက်ထိုတွင် ရွာလှည့်ဈေးသည် ၃ ဦး PDF နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီဖမ်းဆီး

ကျိုက်ထိုမြို့ပေါ်၊ ဗိုလ်ချုပ်လမ်းတနေရာ မြင်ကွင်း (ဓါတ်ပုံ- လူမှုကွန်ရက်)

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ရွာလှည့်ဈေးရောင်းသည့် ဈေးသည်သုံးဦးအား တော်လှန်ရေးအင်အားစုများနှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း ကျေးရွာအချို့၌ပုံမှန်လှည့်လည် ဈေးရောင်းလေ့ရှိသည့် မြောက်ပိုင်းရပ်ကွက်၊ ငပိစစ်ပိုင်းမှ ဈေးသည် အမျိုးသားတဦးနှင့်မြို့ပေါ်မှ ဈေးသည်နှစ်ဦးအား စစ်ကောင်စီက နေအိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးသွားခြင်းဟု ဆိုသည်။

” အခု ဖမ်းခံထိတာက အာဏာမသိမ်းခင်ကတည်းက ဒီဘက်မှာ ဈေးလာရောင်းနေကျသူတွေပဲ။ ဘာတွေရောင်းတာလဲဆိုတော့ ဟင်းသီးဟင်းရွက်တွေ၊ အသားငါးတွေ ရောင်းတယ်။ ဒီက ရွာဘက်ကသူတွေက အားသွင်းကြိုး၊ ဆိုလာတို့၊ စာအုပ်တို့ အဲ့လိုတွေ မှာရင်လည်း ဝယ်လာပေးတယ်။ အဲ့လိုပေါ့။ အခုဖမ်းခံထိတာက ကြားတာတော့ အားလုံးပေါင်းသုံးယောက်” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ဈေးသည်များသည် ကျေးရွာနှင့်ရပ်ကွက်များအတွင်း လှည့်လည်စျေးရောင်းစဉ် PDF များနှင့် အဆက်အစပ်ရှိသည်ဟု စစ်ကောင်စီက စွပ်စွဲပြီး လွန်ခဲ့သည့်ရက်အနည်းငယ်မှ စတင်ကာ လိုက်လံဖမ်းဆီးခြင်းဟု သတင်းရရှိသည်။

” ငပိစစ်က ကောင်လေး အဖမ်းခံလိုက်ရတာတော့ သိတယ်။ ကြာပြီ တပတ်လောက်ရှိပြီလေ။ ဖမ်းခံလိုက်ရတာ။ အပေါ်( တောင်ပေါ်) မှာ ဈေးတက်ရောင်းလို့။ PDFနဲ့ အဆက်အစပ်ရှိနေတယ်ဆိုပြီး ဖမ်းသွားတာ” ဟု ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

ဖမ်းဆီးခံလိုက်ရသူများသည် ဆိုင်ကယ်အနောက်တွင် ကုန်စိမ်း၊ ကုန်ခြောက်များကိုဝါးခြင်းများဖြင့်တင်ကာ မဲရုံးကြီး၊ မဲရုံးလေးအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများဘက်သို့ လှည့်လည်ဈေးရောင်းချနေသူများ ဖြစ်သည်။ အဆိုပါရွာများသည် ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ (၁)နယ်မြေ၌ပါဝင်ပြီး ထိုရွာများမှ KNLAနှင့်PDF တပ်ဖွဲ့ဝင်များကို ဈေးရောင်းသည်ဟုစွပ်စွဲကာ ဈေးသည်များအား စစ်ကောင်စီက ဖမ်းဆီးခြင်းဟု သိရသည်။

” အရင်တုန်းကတော့ မဲရုံးလေးထိပ်နဲ့ လက်ပံပင်လမ်းခွဲမှာ စကစတွေ အထိုင်ချပြီး မနက်စောစော ဈေးလာရောင်းတဲ့သူတွေကို စစ်တာရှိတယ်။ အဲ့ဒီမှာ စစ်ပြီး ပါလာတဲ့ပစ္စည်းတွေ ယူတာရှိတယ်။ မသင်္ကာရင် ဈေးသည်တွေကို ပုံစံထိုင်ခိုင်းတာတွေ ၊ရိုက်နှက်တာတွေရှိတယ်” ဟု မြေပြင်သတင်းရင်းမြစ်တဦးက ပြောသည်။

ယခု ဖမ်းဆီးခံရသည့် ဈေးသည်များအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်းနှင့် အသေးစိတ်အခြေအနေကို မဇ္ဈိမအနေဖြင့် ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။ကျိုက်ထိုမြို့မရဲစခန်းကို ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့၊ ညနေ ၄ နာရီတွင် မဇ္ဈိမမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် ဖြေကြားခွင့်မရှိကြောင်း ရဲတပ်ဖွဲ့ဝင်တဦးကမဇ္ဈိမကို ပြောသည်။

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်းကလည်း ကျိုက်ထိုမြို့ပေါ်တွင် နေထိုင်သည့် ရွာလှည့်ဈေးရောင်းသူတချို့အား တော်လှန်ရေးအင်အားစုများထံ ဈေးရောင်းသည်ဟူသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်အချို့ရှိခဲ့ကြောင်းသိရသည်။

ကျိုက်ထိုမြို့တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့ရာ ဂိတ်အတွင်းရှိ စစ်ကောင်စီတပ်သားနှင့်ရဲ ခြောက်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သည်ဟု ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က ထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန်တွင် ကျိုက်ထိုမြို့ပေါ်နှင့် မြို့နယ်တဝိုက်၌ စစ်ရေးအခြေအနေ ငြိမ်သက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း – အေးချမ်း