မောင်တောမြို့တောင်ပြိုစခန်း ၂ ခုအား AA သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၂၀၀ ကျော် နယ်စပ်ဘက်ထွက်ပြေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့်စစ်ကောင်စီ၏နယ်ခြားစောင့်ရဲနှင့်တပ်ဖွဲ့ဝင်များ။

ဓါတု

မဇ္ဈိမ။ ။ ဘင်္ဂလားဒေ့ရှ်နှင့်ရခိုင်ပြည်နယ်နယ်စပ် မောင်တောမြို့ရှိ စစ်ကောင်စီတပ်၏တောင်ပြို(လက်ဝဲ)နှင့်(လက်ယာ)စခန်းနှစ်ခုလုံးအား သုံးရက်တာကာလအတွင်း ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ရရှိကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်ညဥ့်နက်ပိုင်းက ထုတ်ပြန်ထားသည်။

ထို့အပြင် အဆိုပါကာလအတွင်း AA ၏ ထိုးစစ်ကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ခြမ်းသို့ စစ်ကောင်စီတပ်သား ၂၀၀ ကျော်မှာ လက်နက်များနှင့်အတူ ၉ထွက်ပြေးလွတ်မြောက်သွားကြောင်း တဆက်တည်းဖော်ပြထားသည်။

“တောင်ပြိုဘက်က စစ်ကောင်စီတပ်ကသူတွေ အများကြီးထွက်ပြေးတာသတင်းကြားတယ်။ မောင်တောမြို့ပေါ်လာဖို့ စစ်ကောင်စီတပ်ရဲ့ဌာနချုပ်ကိုဖြတ်ပြီး မလာရဲတော့ အရပ်သားတွေလည်း ဘင်္ဂလားဘက်ကိုရွှေ့ပြောင်းသွားကြတာများတယ်။ မောင်တောမြို့နဲ့အဲ့ဒီနယ်စပ်က တောင်ပြိုစခန်းရှိတဲ့နေရာတွေက တော်တော်ဝေးတယ်၊ မြစ်တပိုင်းကျော်သွားရတယ်။ မောင်တောမြို့ပေါ်မှာလည်း မြင်နေရတာက စစ်ကောင်စီတပ်တွေက တပ်ပေါင်းကြတာတော့ရှိတယ်။ သက်ဆိုင်ရာစခန်းတွေမှာ မနေတော့ဘဲ ပြည့်နေတဲ့စခန်းတွေမှာ အကုန်စုပြုံနေကြတယ်၊ တပ်ပေါင်းထားတာရှိတယ်”ဟု မောင်တောမြို့ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

ရခိုင်ပြည်နယ်အတွင်း နှစ်ဘက်ထိတွေ့တိုက်ပွဲကြောင့် ဖေဖော်ဝါရီ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ နယ်ခြားစောင့်ရဲများနှင့် စစ်ကောင်စီတပ်သားများစုစုပေါင်း ၂၆၄ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)၏ အကြီးအကဲဖြစ်သူ တဦးက သတင်းမီဒီယာများကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာပြောကြားထားကြောင်း ဘင်္ဂလားဒေ့ရှ်ဒေသတွင်း သတင်းဌာန Dhaka Tribune တွင်ဖော်ပြထားချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၅ ရက်ညအထိ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့အပါအဝင် စစ်ကောင်စီတပ်သား စုစုပေါင်း ၁၁၅ ဦး၊ ဖေဖော်ဝါရီလ ၆ရက်နေ့နံနက်ပိုင်းတွင် ၁၁၄ ဦး၊ နေ့လယ်ပိုင်းတွင် ၃၅ ဦး၊ စုစုပေါင်း ၂၆၄ ဦးမှာ လက်နက်ချခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)၏ အကြီးအကဲဖြစ်သူ Mohammad Ashrafuzzaman Siddiqui က ပြောကြားကြောင်း အဆိုပါသတင်းဌာနတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့က သူတို့( စစ်​ကောင်စီတပ်ဖွဲ့ဝင်များ)ကို နေစရာနဲ့စားစရာတွေပေးထားတယ်။ သူတို့ထဲက ၁၅ ယောက်က ဒဏ်ရာရရှိခဲ့ပြီး ရှစ်ဦးမှာ စိုးရိမ်ရတဲ့အခြေအနေ ရှိနေတယ်။ အဲ့ဒီအထဲက လေးဦးကို ကော့ဘဇားဆာဒါ ဆေးရုံမှာကုသထားပြီး ကျန်လေးဦကို စစ်တကောင်း ဆေးကောလိပ်ဆေးရုံမှာ ဆေးကုသပေးထားတယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် ထိတွေ့တိုက်ပွဲအတွင်း ဖေဖော်ဝါရီလ ၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်  အမျိုးသမီးတဦးအပါအဝင် အရပ်သား ပြည်သူ နှစ်ဦးသေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ်ဒေသတွင်း သတင်းဌာနများတွင်ရေးသားထားကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းကစ၍ စစ်ကောင်စီနယ်ခြားစောင့်တပ်သားအမြောက်အမြားသည် လက်နက်များဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးလာသည့် ဗွီဒီယိုဖိုင်များမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်မှစ၍ အဆိုပါစစ်ကောင်စီ၏ နယ်ခြားစောင့်တပ်များဖြစ်ကြသော လက်ဝဲ-လက်ယာတောင်ပြိုစခန်း နှစ်ခုအနက် လက်ယာစခန်းအား အရင်သိမ်းပိုက်ပြီးနောက် (လက်ဝဲ) စခန်းအား တတိယမြောက်နေ့တွင် AA မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင်စစ်ကောင်စီ၏ စကခ (၉)လက်အောက်ခံ လက်ကျန်တပ်ရင်းအချို့အနက် မင်းပြားမြို့အခြေစိုက် “ခမရ (၃၇၉) နှင့် (၅၄၁) တပ်ရင်း” တို့ကိုလည်း ဖေဖော်ဝါရီလ ၆ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း AA မှ ထုတ်ပြန်ကြေညာထားသည်။

ရခိုင်ပြည်နယ်နေရာအနှံ့အပြားတွင် ရက် ၉၀ ကျော်ကြာမြင့်သည့် တကျော့ပြန်တိုက်ပွဲ၌ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့အကြားတိုက်ပွဲအရှိန်မြင့်တက်နေ၍ စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ မင်းပြား၊ရမ်းဗြဲနှင့် ကျောက်တော်မြို့များတွင် စစ်ကောင်စီ၏စခန်းအချို့အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ရက္ခိုင့်တပ်တော်(AA)မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)