အမေရိကန်လွှတ်တော် Burma Caucus အဖွဲ့သစ်က မြန်မာအပေါ် အမေရိကန်၏ တိုးမြှင့်အာရုံစိုက်မှုကို အချက်ပြနေ

Kristiana Kuqi ၊ Simon Billenness

အမေရိကန် အောက်လွှတ်တော်အမတ်များသည် သမိုင်းဝင် ဆောင်ရွက်ချက်တခုအဖြစ် ပြီးခဲ့သည့် သီတင်းပတ်က နှစ်ပါတီ ပါဝင်သည့် ပထမဦးဆုံးသော လွှတ်တော်ဆိုင်ရာ Burma Caucus အဖွဲ့ကို ဖွဲ့စည်းခဲ့သည် ဖြစ်ရာ ယင်းသည် မြန်မာရှိ ဆက်လက်ဖြစ်ပေါ်နေသော အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် အချက်အချာကျသော ခြေလှမ်းတခုကို ထင်ဟပ်နေသည်။ မစ်ချီဂန်ပြည်နယ်မှ ရီပတ်ဘလစ်ကန်အမတ် ဘီလ် ဟွေဇန်ဂါနှင့် မန်နီဆိုးတား ပြည်နယ်မှ ဒီမိုကရက်တီအမတ် ဘတ်တီ မက်ကောလမ် တို့က မြန်မာဆိုင်ရာ Caucus အဖွဲ့ကို ပူးတွဲဥက္ကဋ္ဌများအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ယင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ထောက်ကူပံ့ပိုးရန် ကွန်ဂရက်၏ တိုးမြှင့် ကတိပြုမှုကို အချက်ပြနေသည်။

ယခု caucus ထူထောင်မှုက ယှဉ်ပြိုင်နေသော ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များအကြား မြန်မာအပေါ် အမေရိကန်၏ အာရုံစိုက်မှုကို ဆက်ထိန်းထားမည့် ချီးကျူးထိုက်သော အားထုတ်မှုတခုဖြစ်သည်။ ယခု caucus ကို ကူညီထူထောင်ရန် လုပ်ကိုင်ခဲ့သည့် မြန်မာနိုင်ငံသစ်ဆိုင်ရာ ကမ်ပိန်းက အရှေ့တောင်အာရှ နိုင်ငံ၌ အပေါင်းလက္ခဏာဆောင် ပြောင်းလဲမှုကို ရှာဖွေရာတွင် အမေရိကန်ခေါင်းဆောင်ပိုင်းနှင့် လွှတ်တော်ဆိုင်ရာ ဆက်ဆံပတ်သက်မှု၏ အရေးပါမှုကို အလေးပေးထုတ်ဖော်သည်။

မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကျပ်အတည်းက သေရေးရှင်ရေးတမျှ အမှတ်တခုကို ရောက်ရှိခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ အလျင်အမြန်၊ ရေရှည်တည်တံ့သော အာရုံစိုက်မှုကို လိုအပ်ကြောင်းကို စေ့ဆော်နေသည်။ ယခု Caucus အဖွဲ့က အမေရိကန်လွှတ်တော်နှင့် အစိုးရအတွင်း မြန်မာနှင့်ပတ်သက်ပြီး သိရှိမှုကို မြှင့်တင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံရှိ စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်လျက် ညီညွတ်သော တပ်ဦးတခုကို အချက်ပြသသည်။

ယခု caucus အဖွဲ့သည် မြန်မာနိုင်ငံရှိ ဒီမိုကရေစီ အင်အားစုများကို တိုးမြှင့် ထောက်ကူပံ့ပိုးမှုများ ပေးအပ်ရန်နှင့် အာဏာသိမ်းစစ်အုပ်စုအပေါ် နောက်ထပ် ပစ်မှတ်ထား၊ ချိတ်ဆက်ညှိနှိုင်းသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် ဘိုင်ဒင် အစိုးရကို တောင်းဆိုလျက်ရှိသည့် ထောက်ခံအားပေးသူများနှင့်အတူ ပူးပေါင်းမည်ဖြစ်သည်။

ယမန်နှစ်က ကွန်ဂရက်သည် BURMA Act ကို အတည်ပြုခဲ့ပြီး အမေရိကန်အစိုးရဘက်က မြန်မာ၏ ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများကို လူ့အသက်မသေစေသော အထောက်အပံ့များ ပေးအပ်၍ ရစေနိုင်သည်။ လက်ရှိတွင် အာဏာသိမ်းမှုအလွန် အမေရိကန်အစိုးရက ပိတ်သိမ်းထားသည့် မြန်မာ၏ ခန့်မှန်းခြေ ဒေါ်လာ တဘီလီယံရှိ ပိုင်ဆိုင်မှုအဖိုးတန်များနှင့်စပ်လျဉ်းပြီး အကြံပြုချက်များ ပြုလုပ်မည့် အကြံပေးအဖွဲ့တခု ဖွဲ့စည်းရန် အမေရိကန်အစိုးရ ကို တွန်းအားပေးမှုတခု ရှိနေသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဝါရှင်တန်သည် စစ်တပ်နှင့် ဆက်နွယ်ပတ်သက်သည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုသစ်များကို ကြေညာခဲ့ပြီး အရပ်သားများကို မကြာခဏ ပစ်မှတ်ထားသည့် မြန်မာစစ်တပ်၏ လေကြောင်း ဗုံးကြဲမှုများအတွက် လေယာဉ်ဆီ ထောက်ပံ့မှုကို အလျဉ်ပြတ်တောက်စေရန် အာရုံစိုက်သည်။ သို့သော် အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ လုပ်ဆောင်ချက်များက မြန်မာစစ်အုပ်စုအတွက် အာဏာတွင် ဆက်ရှိနေစေရန် လိုအပ်သော ဝင်ငွေများ၊ လက်နက်များနှင့် လေယာဉ်ဆီတို့ မရစေရေး ဖြတ်တောက်ရန် လိုအပ်သည့် အစီအမံများ ဆက်လက် လိုအပ်နေဆဲဖြစ်သည်။

ထို့ပြင် အမေရိကန် ကွန်ဂရက်ဆိုင်ရာ Burma Caucus ထူထောင်မှုက အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီ (USABC) ထံမှ ထောက်ခံမှုကို ရရှိခဲ့သည်။ သံအမတ် တက်ဒ် အိုစီယက်စ်၊ USABC ဥက္ကဋ္ဌနှင့် စီအီးအိုက အမေရိကန်လွှတ်တော်အမတ်များဖြစ်ကြသည့် ဘီလ် ဟွေဇန်ဂါနှင့် ဘတ်တီ မက်ကောလမ်တို့ကို ၎င်းတို့၏ အမြင်နှင့် ဦးဆောင်မှုအတွက် ချီးကျူးသည်။ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် အမေရိကန်၏ ထောက်ကူပံ့ပိုးမှုကို အကောင်းဆုံး ချိတ်ဆက်ညှိနှိုင်းရန် စူးစိုက်နှစ်မြှုပ်လုပ်ဆောင်မည့် မြန်မာဆိုင်ရာ အမေရိကန် အထူးသံတမန်တဦး ခန့်အပ်ရန် အစိုးရ ထံ တောင်းဆိုမှုတွင် USABC က ပူးပေါင်းပါဝင်ထားသည်။

အမေရိကန် လွှတ်တော်ဆိုင်ရာ Burma Caucas ထူထောင်ခြင်းက အချိန်ကိုက်ဖြစ်ရုံမကဘဲ ယင်းသည် မြန်မာနှင့်ပတ်သက်ပြီး အမေရိကန်၏ မူဝါဒက ဆက်လက်ပြီး မူအရဖြစ်၊ တက်ကြွ၊ ထိရောက်မှု ရှိစေမှုကို သေချာစေရန် အလွန်အရေးပါသည်။ မိမိတို့အနေဖြင့် စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်ချိန်တွင် ယခု ပါတီနှစ်ရပ်ပါသည့် ဆောင်ရွက်ချက်မှတဆင့် စည်းလုံးညီညွတ်သော လုပ်ဆောင်ချက်က မြန်မာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မျှော်လင့်ချက် မီးပြတိုက်တခုအဖြစ် ရပ်တည်နေမည် ဖြစ်သည်။