ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် မြန်မာ့အရေးလှုပ်ရှားသူကို အိုင်ယာလန်နိုဘယ်ဆုရှင်က အမည်စာရင်း တင်သွင်း

ပုံဟောင်း

FORESA

နာမည်ကျော် မြောက်အိုင်ယာလန်ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူနှင့် ၁၉၇၆ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မိုင်ရိတ် ကိုရီဂန် မတ်ကွိုင်းရားက ၂၀၂၄ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် ဗြိတိန်တွင် နေထိုင်နေသည့် ပြည်ပရောက်မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါက်တာမောင်ဇာနည်အား အမည်စာရင်း တင်သွင်းလိုက်သည်။

မောင်ဇာနည်၏ “နှစ်ပေါင်း ၃၀ ကျော် လူ့အသိုက်အဝန်းများအကြား ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ် ရေးအတွက် အပင်ပန်းခံကြိုးစားမှုအတွက် မတ်ကွိုင်းရား၏ အမည်စာရင်းတင်သွင်းခြင်းကို ယခု သီတင်းပတ်မြန်မာ့ရိုးရာနှစ်သစ်ကူးအကြိုကာလတွင် အသစ်ပြန်လည်ထူထောင်ရေး အရှေ့တောင် အာရှတပ်ဖွဲ့ (FORSEA) နှင့် ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့(FRC) တို့က ပူးတွဲကြေညာခဲ့ သည်။

မတ်ကွိုင်းရား၏ နိုဘယ်လ်ကော်မတီထံ အမည်စာရင်းတင်သွင်းသည့်စာတွင် မောင်ဇာနည်၏ တက်ကြွလှုပ်ရှားမှုသည် မြန်မာနိုင်ငံဒီမိုကရေစီအတွက်သာမက တိဗက်၊ အရှေ့တီမော၊ နိုင်ဂျီးရီးယား၊ အိန္ဒိယ၊ ထိုင်း၊ ပါလက်စတိုင်း နှင့် ပြည်ပရောက်ဂျူးလူမျိုးတို့၏ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်ရေး လှုပ်ရှားမှုများကိုပါ အလေးပေးဖော်ပြထားသည်။

“နယ်ချဲ့ဆန့်ကျင်ရေးသမားတယောက်အနေနဲ့ မတ်ကွိုင်းရားရဲ့ အမည်စာရင်းတင်းသွင်းမှုအတွက် ဂုဏ်ယူမိပါတယ်။” ဟု မောင်ဇာနည်က ပြောကြားခဲ့သည်။

မိုင်ရိတ်မတ်ကွိုင်းရားသည် အစ္စရေးနျူကလီးယားသတင်းဖွင့်ချသူ မော်ဒီချိုင်းဗာနူနူ၊ အဖိနှိပ်ခံပါလက် စတိုင်းပြည်သူများနှင့် WikiLeaks တည်ထောင်သူ ဂျူလီယမ်အဆမ်တို့ဘက်မှ ရပ်တည်ထောက်ခံပေးခဲ့ သူဖြစ်ပြီး နယ်ချဲ့ဆန့်ကျင်ရေးအတွက် ကာလရှည်ကြာ တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။

ယခင်က မတ်ကွိုင်းရား၏ အမည်စာရင်းတင်သွင်းသူများထဲတွင် စနိုးဒန်၊ ချယ်ဆာ မန်နင်းနှင့် ဂျူလီယမ် အဆမ်တို့ ပါဝင်ခဲ့သည်။

မန္တလေးဇာတိဖြစ်သူ အသက် ၆၀ အရွယ် မောင်ဇာနည်သည် မြန်မာပြည်လွတ်မြောက်ရေး ညွန့်ပေါင်း အဖွဲ့ (၁၉၉၅-၂၀၀၄) ၊ FORSEA တွင် (၂၀၁၈ – လက်ရှိ) နှင့် ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (၂၀၁၈-လက်ရှိ) အပါအဝင် နိုင်ငံတကာ တက်ကြွလှုပ်ရှားသူ ကွန်ရက်များ နှင့် အဖွဲ့အစည်းများ၏ ပူးတွဲတည်ထောင်သူနှင့် ညှိနှိုင်းရေးမှူး ဖြစ်သည်။

ယခုအခါ ဇာနည်သည် မြန်မာနိုင်ငံရှိ ရှေးအကျဆုံးတိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းဖြစ်ပြီး ၁၉၄၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အကြံပေးအဖြစ်ဆောင်ရွက် လျက်ရှိသည်။

၈၈၈၈ အရေးတော်ပုံ မတိုင်မီ ၁၉၈၈ ခုနှစ် ဇူလိုင်လတွင် မောင်ဇာနည်သည် မြန်မာနိုင်ငံမှ အမေရိကန် သို့ ထွက်ခွာလာခဲ့ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဘွဲ့လွန်ရယူခဲ့ကာ ၁၉၉၈ခုနှစ်တွင် ဝက်ကိုစင်-မဒီဆင်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သည်။