၂၀၂၅ ရာသီမှာ NFL ပွဲကို ရီးယဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူး ကျင်းပမည်

National Football League (NFL) က ပြည်ပဈေးကွက်ကို ဆက်လက်ချဲ့ထွင်တဲ့အနေနဲ့  သူတို့ဟာ ၂၀၂၅ ရာသီအတွင်း စပိန်နိုင်ငံမှာ ၎င်းရဲ့ ပထမဆုံး ပုံမှန်ရာသီအတွင်း ပွဲစဉ်ဇယားတခုကို ရီးယဲလ်မက်ဒရစ်ရဲ့ အသစ်ပြင်ဆင်ထားတဲ့ ဆန်တီယာဂို ဘာနေဗျူးကွင်းမှာ ကျင်းပသွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက သောကြာနေ့မှာ အတည်ပြုခဲ့ပါတယ်။

NFL ဟာ ဘရာဇီးလ်မှာ လာမယ့် ရာသီရဲ့ ပွဲစဉ်တရပ်ကို လက်ခံကျင်းပမှာဖြစ်ကြောင်း အတည်ပြုအပြီး ရက်ပိုင်းအတွင်း လိဂ်က ဘာနေဗျူးဟာ လာမယ့်နှစ်ရဲ့ စပိန်ပွဲစဉ်ဇယားတခုအတွက် ကျင်းပမယ့်နေရာဖြစ်ကြောင်း ကြေညာခဲ့တာပါ။

“၂၀၂၅  မက်ဒရစ်မှာ ပွဲစဉ်တရပ် ကစားတာဟာ လိဂ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုကို ဆက်လက်တိုးချဲ့တာဖြစ်တယ်။ ပြီးတော့ ကျနော်တို့ရဲ့ ပြိုင်ပွဲကို ကမ္ဘာတဝန်းက ပရိသတ်တွေဆီ ပိုမို ရောက်ရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ အရှိန်မြှင့်လုပ်ဆောင်တာကို ထင်ဟပ်စေပါတယ်”လို့ NFL ကော်မရှင်နာ ရော်ဂျာ ဂူဒယ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

“ကမ္ဘာ့အဆင့်မီ ဆန်တီယာဂို ဘာနေဗျူးကွင်းမှာ ပုံမှန်ရာသီပြိုင်ပွဲတရပ်ကို စပိန်နိုင်ငံဆီ ယူဆောင်လာနိုင်ဖို့ မက်ဒရစ်မြို့နဲ့ ကွန်မြူနီဒက်ဒီ မက်ဒရစ်တို့နဲ့အတူတကွ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်တခုဖြစ်တဲ့ Real Madrid C.F. နဲ့ လက်တွဲခွင့်ရတဲ့အတွက် ကျနော်တို့ ဂုဏ်ယူမိပါတယ်”လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စပိန်ဟာ ယူကေ၊ မက္ကဆီကို၊ ဂျာမနီနှင့် ဘရာဇီးလ်တို့နဲ့အတူ NFL နိုင်ငံတကာပွဲကို လက်ခံကျင်းပမယ့် မတူညီတဲ့ ငါးနိုင်ငံမြောက်ဖြစ်လာမှာပါ။

ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က အခုအရွေ့ဟာ သူ့ရဲ့ကလပ်နဲ့ NFL အတွက် အောင်ပွဲတရပ်အဖြစ် ချီးကျူးလိုက်ပါတယ်။

“ဆန်တီယာဂို ဘာနေဗျူးကို National Football League ရောက်ရှိလာတာဟာ အားကစားသမိုင်းမှာ အဓိကပြိုင်ပွဲတရပ်ဖြစ်တယ်။ ရီးယဲလ်မက်ဒရစ်နဲ့ NFL တို့ရဲ့ ဂုဏ်သိက္ခာရှိ အဖွဲ့အစည်းတခုကြားက ဒီဗျူဟာမြောက် မဟာမိတ်အဖွဲ့ဟာ ကျုပ်တို့ရဲ့အမှတ်တံဆိပ်တွေကို တကမ္ဘာလုံးချီ မြှင့်တင်ပေးမှာပါ။ တိုက်ကြီးအားလုံးက သန်းပေါင်းများစွာသော လူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါလိမ့်မယ်။ ပြီးတော့ ဒီခရီးကို အတူတူ လျှောက်ရတာ ဂုဏ်ယူပါတယ်”

လာ့စ်ဗီးဂတ်စ်မှာ San Francisco 49ers နဲ့ Kansas City Chiefs တို့ကြား တနင်္ဂနွေနေ့ရဲ့ Super Bowl ပွဲမတိုင်ခင် ဒီကြေညာချက် ထွက်ပေါ်လာတာပါ။

စပိန်ဟာ NFL ပရိသတ် ၁၃ သန်းခန့်ရှိရာ နေရာဖြစ်ပြီး နိုင်ငံအတွင်းက “ပရိသတ်စိတ်အားထက်သန်မှု”ဟာ ၂၀၂၅ ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးရှိကြောင်း NFL တာဝန်ရှိသူတွေက အသိအမှတ်ပြုထာပါတယ်။