မြိတ်တွင် ညပိုင်းမီးလောင်မှု နာရေးကူညီမှု အသင်းရုံးအပါ အဆောက်အအုံ ၈ ခု ပျက်စီး

ပုံအညွှန်း – မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ပုံများတွေ့ရစဉ်။(ဓာတ်ပုံ-CJ)

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ မြိတ်တောင်နယ်မြေ ဇေယျာသီရိ (၄) ရပ်ကွက် အောင်သပြေလမ်း (အောက်ဘလောက်) တွင် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၂ နာရီ ၃၆ မိနစ် အချိန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဂရုဏာ နာရေးကူညီမှု အသင်းရုံးခန်း အပါအဝင် လူနေအိမ် ရှစ်လုံး ၊နာရေးကူညီမှု အသင်းပိုင် ကား သုံးစီး၊ အိမ်စီးကား နှစ်စီး စုစုပေါင်း ကား ငါးစီး မီးလောင် ပျက်ဆီး ဆုံးရှုံးခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

“ညက မီးက တော်တော် ကြီးတယ်။ ဘယ်က စလောင်မှန်း အခုချိန် အထိ မသိရသေးဘူး။ အသင်းရုံး နံဘေးက စလောင်တာ ဖြစ်တော့ ရုံးကို ကူးစက်သွားတော့ အောက်စီဂျင်အိုးတွေ မီးလောင် ပေါက်ကွဲမှု ဖြစ်သွားတယ်”ဟု အသင်းသား တဦးက ပြောသည်။

ထိုသို့ မီးလောင်မှုကြောင့် အခင်းဖြစ်ပွားရာနေရာသို့ ရပ်ကွက် ၊ ကျေးရွာ အလိုက် မီးသတ်ကားများ လာရောက် ငြှိမ်းသတ်မှုကြောင့် ၃ နာရီ ၂၅ မိနစ် အချိန် ငြိမ်းသွားကြောင်း ဒေသခံ မီးသတ်ဖွဲ့ဝင်များထံက သိရသည်။

မြိတ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့က မြိတ်ကမ်းနားလမ်းတွင် ကုန်တင် ရေယာဉ် နှစ်စီး မီးလောင် ဖြစ်ပွားခဲ့သလို့ အမျိုးသမီး တဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သေးသည်။ ယခု ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြိတ်မြို့၌ မီးလောင်မှု ငါးကြိမ်ဖြစ်ပွားခဲ့ သည်။