ဇရပ်ကြီးမြို့နယ်က တိုက်ပွဲတွင် ရဲဘော် ၄ ဦးကျဆုံး

YT

(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း တော်ဝင်ဒေါင်းစစ်ကြောင်းမှ ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်လေးဦး ကျဆုံးသည်ဟု အဆိုပါစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်သူမိသားစုနဲ့ သူတို့ရဲ့ စွန့်လွှတ်မှုကို မှတ်တမ်းတင် ဂုဏ်ပြုတဲ့အတွက် အတိအကျနဲ့ ဖော်ပြပေးလိုက်တာပါ။ သူတို့ (စကစ) ဘက်က အကျဆုံးများပေမယ့် အတိအကျကိုက မြေပြင်တင်းမာမှုတွေကြောင့် သီးခြား အတည်မပြုနိုင်သေးပါဘူး” ဟု တော်ဝင်ဒေါင်းစစ်ကြောင်း မှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ဖေဖော်ဝါရီလ ၇ ရက် နံနက်ပိုင်းမှ စတင်ခဲ့သည့် ခြေလျင်တပ်ရင်း ခလရ (၇၃)အပါအဝင် ဇရပ်ကြီးမြို့တဝိုက်ရှိ စစ်ကောင်စီအထိုင်ချရာ တပ်စခန်းများအား တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရဲဘော်လေးဦး ကျဆုံးခြင်းဖြစ်ကြောင်း သိရသည်။

တော်ဝင်ဒေါင်းစစ်ကြောင်းမှ ကျဆုံးသွားသည့် ရဲဘော်လေးဦးမှာ ရဲဘော်မင်းခန့်၊ ရဲဘော်သီဟ၊ ရဲဘော်ဘီးကြဲ နှင့် ရဲဘော် စာကလေးတို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဇရပ်ကြီးမြို့အပါအဝင် အနီးအနား ကျေးရွာများမှ ဒေသခံပြည်သူ ထိခိုက်၊ သေဆုံးမှု များစွာရှိခဲ့ပြီး နေအိမ် နှင့် အဆောက်အဦးများစွာလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် သာလွန်အင်အားသုံးကာ တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ခလရ (၇၃) အပါအဝင် စစ်ဆင်ရေးရည်မှန်းချက််များကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သည်ဟုတော်ဝင်ဒေါင်းစစ်ကြောင်းမှ တာဝန်ရှိသူက ပြောသည်။

“စခန်းသိမ်းပိုက်တယ်ဆိုတာထက် ကျွန်တော်တို့ရဲ့စစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေကို အောင်မြင်ခဲ့ပါတယ် အဲ့အထဲမှာ ခလရ (၇၃) လဲပါဝင်ပြီး တပ်ရင်းကိုလဲ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ ဇရပ်ကြီးမြို့တွင် စစ်ရေးတင်းမာနေပြီး မြေပြင်တွင် ရင်ဆိုင်အနေအထားတွင် ရှိနေပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများအတွက် ခံစစ်အခိုင်အမာပြင်ဆင်လျက်ရှိနေသည်ဟုတော်ဝင်ဒေါင်းစစ်ကြောင်းမှ တာဝန်ရှိသူကပြောသည်။

စာတည်း ။ ။ ဖူးသိမ်ကျ