စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က အရပ်သားများကို အကြောင်းမဲ့ဖမ်းဆီး

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်က ခရီသွား အမျိုးသားများကို အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက် ယနေ့ နံနက် ၉ နာရီနှင့် ၁၀ နာရီအကြားတွင် စစ်ကိုင်းမြို့နယ် နုန်းတွင်းကျေးရွာ ၌အထိုင်ချထားသည့် စစ်ကောင်စီတပ်သား ၂၀ ကျော်က ရွာမနှင့် လယ်ကြီးကျေးရွာအကြားရှိ တမာကုန်း အနီးမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ဟုတ်တယ်ဗျ ဒီမနက်မှာ ဆွဲသွားတာ ၄၀ ကျော်လောက်ပါသွားတယ်။ လမ်းသွားလမ်းလာနဲ့ ကားပေါ် တွေက ဆွဲချသွားတာ” ဟု ဒေသခံတဦး ကမဇ္စျိမကိုပြောသည်။

ဖမ်းဆီးသူများအား ညောင်ပင်းဝန်းနှင့် အုန်းတောအကြားရှိ အမှတ်(၇၂) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်သို့ခေါ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်က ဆက်ပြောသည်။

ယင်းသို့ ခရီးသွားအမျိုးသားများကို ဖမ်းဆီးနေမှုနှင့်ပတ်သက်ပြီး စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြား ရေးက ပြည်သူများ သတိပြုရှောင်တိမ်းသွားလာနိုင်ရန် အသိပေးထားသည်။

စစ်ကိုင်းနှင့် ညောင်ပင်ဝန်းအကြားတွင် စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့်ဖြင့် ကား၊ ဆိုင်ကယ်များ ကိုတားဆီးပြီး အမျိုးသားများကို ဆွဲချနေရာ ပေါ်တာဆွဲနေသည်ဟူ၍ ယူဆကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

“ဟုတ်တယ်ဗျ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်ပြီးနောက် ကျနော်တို့ စစ်ကိုင်းတိုင်းကို စလုပ်တာလို့ ထင်တယ်၊ တပြိုင်တည်းလိုလို ဖမ်းဆီးစစ်ဆေးနေတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော် တဦးက မဇ္စျိမ ကိုပြောသည်။

ချောင်းဦးနှင့် မြင်းမြို့နယ်အစပ်တွင်လည်း နတ်ရေကန်၌အခြေစိုက်ထားသည့် စစ်ကောင်စီတပ်က အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သော်လည်း ၎င်းတို့ဖုန်းများကိုသိမ်းဆည်း သွားကာ ပြန်ယူလိုပါက စခန်းသို့လိုက်ခဲ့ရန် ပြောကြားသွားသည်ဟု ဆိုသည်။

၎င်းအပြင် မုံရွာမြို့နယ် ရွှေတောင်ဦးအနီးနှင့် မြို့ပေါ် အလယ်ရပ်ကွက်ရှိ ဘုရားနီအနီးတွင် ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း နှင့် လူ ၅၀ ကျော်ဖမ်းဆီးခံရကြောင်းကြားသိရပြီး အရေအတွက်အတိအကျကိုမူ အတည်မပြု နိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့သတင်းရင်းမြစ်က ပြောသည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး သန်းရွှေပြဌာန်းခဲ့သော ပြည်သူစစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက် ယမန် နေ့က စစ်ကောင်စီမှအသက်သွင်းခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ကိုင်းအတိုင်းအတွင်း ဖမ်းဆီးမှု များဖြစ်ပေါ် နေခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ