အုတ်ဖိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးဟု PDF ပြော

တိုက်ပွဲအတွင်းဖမ်းဆီးရမိသည့် ဒုတပ်ကြပ် /ဓာတ်ပုံ- PDF တပ်ရင်း (၃၈၀၂)

ရွှေနွယ်

(မဇ္ဈိမ)။ ။ပဲခူးတိုင်း ၊ အုတ်ဖိုမြို့နယ် ၊ မင်းလှဆည်တွင်ရှိသည့် စစ်ကောင်စီ၏ ရှင်းလင်းဆောင်စခန်းနှင့် တာဝါတိုင်စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများထံက သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၇ နာရီ ခန့်က အဆိုပါ စစ်ကောင်စီတပ်စခန်းနေရာများသို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) နှင့် ပြည်ခရိုင် တပ်ရင်း (၃၆၀၁) ဧရာညီနောင်စစ်ကြောင်းတို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း PDF တပ်ရင်း (၃၈၀၂) ၏ ပြန်ကြားရေးတာဝန်ခံ ကိုဇော်ကြီးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်သည် ရှင်းလင်းဆောင်စခန်းနှင့် တာဝါတိုင်စခန်းတို့တွင် ပူးပေါင်းအင်အား ၅၀ ခန့်ဖြင့် တပ်စွဲနေကြခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် ၁ နာရီ မိနစ် ၃၀ ခန့်ရှိခဲ့သည်ဟုဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦး၏ ရုပ်အလောင်းများကို သိမ်းဆည်းရရှိခဲ့ပြီး သုံးဦးလဲကျသွားသည်ကို မြင်တွေ့ရကြောင်းနှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-(၃) မှ ဒုတပ်ကြပ် ကိုဇင်အောင်ကိုမူ အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း ၎င်းကပြောသည်။

သို့သော် ကိုဇင်အောင်သည် တိုက်ပွဲအတွင်းရရှိထားသောဒဏ်ရာများကြောင့် ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် သေဆုံးသွားကြောင်း သိရသည်။

ဒုတပ်ကြပ်ကိုဇင်အောင်သေဆုံးမှုမှအပ ကျန် စစ်ကောင်စီတပ်သားသေဆုံး အရေအတွက်ကိုမူ မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထို့ပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် ကိုတောင်တန်းလည်း တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း ကိုဇော်ကြီးက ပြောသည်။

“ကျွန်တော်တို့ ရဲဘော်တောင်တန်းက အရှင်ဖမ်းမိတဲ့ ဇင်အောင်ဆီ ကပ်သွားကြချိန်မှာ ဇင်အောင်က အနီးမှာရှိနေတဲ့ သေနတ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးခဲ့တာပါ။ ဇင်အောင်ကို အရှင်ဖမ်းမိတယ်ဆိုပေမယ့် အဲ့ဒီလို ရုန်းရင်းဆန်ခတ်တိုက်ပွဲဖြစ်ကြချိန်မှာ သူ့ကိုယ်ထဲ ကျည်စိုက်ဝင်နေတာတွေရှိတယ်။ ဖမ်းမိချိန်မှာ စစ်သုံ့ပန်းဥပဒေအရ ထားတယ်ဆိုပေမယ့် ကျွန်တော်တို့မှာ ဆေးကုသပေးစရာဆေးဝါးလုံလုံလောက်လောက်မရှိဘူး။ တလောကတောင် ကျွန်တော်တို့ရဲဘော် တဦး ဆေးဝါးမလုံလောက်မှုကြောင့် ဆုံးပါးခဲ့ရတယ်” ဟု ကိုဇော်ကြီးက ဆိုသည်။

တိုက်ပွဲအတွင်း MA3 အမျိုးအစားသေနတ်တလက်ကို သိမ်းဆည်းရရှိပြီး ရှင်းလင်းဆောင်စခန်းအား ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာ/ဓာတ်ပုံ- PDF တပ်ရင်း (၃၈၀၂)

အဆိုပါ အုတ်ဖိုမြို့တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီမှ သတင်းထုတ်ပြန်ခြင်းမရှိသကဲ့သို့ စစ်ကောင်စီကိုထောက်ခံရေးသားလျက်ရှိသည့် တယ်လီဂရမ်ချန်နယ်တို့တွင်လည်း ဖော်ပြထားခြင်းမရှိသေးပေ။

စာတည်း။ ။အောင်ကျော်ဖြိုး