ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား

ဓါတ်ပုံ-AFP

ဓါတ်ပုံ-AFP

အဂမ်

(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအပါအဝင် ဒဘတ်ကျေးရွာ ဆမားလမ်းခွဲတို့တွင် ဆက်လက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဝိုင်းမော်မြို့ ဒေသခံများက ဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်အစောပိုင်း ၅ နာရီ ကတည်းနေ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် လက်နက်ကြီးပစ်သံများကိုပင် အထင်းသားကြားနေရကြောင်း ဝိုင်းမော်ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။

” မနက်ကတည်းနေ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ တရစပ် အလုံး ၂၀ ကျော်လောက်ရှိမယ် ပစ်သံကြားနေရတာပဲ။ ကျနော်တို့မိသားစုဆို မီးတွေအကုန်ပြန်ပိတ်ပြီး တိတ်တိတ်လေး နားထောင်နေလိုက်တယ်” ဟု ဝိုင်းမော် ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ကလည်း ရွှေညောင်ပင်ကျေးရွာ၊ ရပ်ကွက် (၅) ဖော့စက်ရုံအနီးရှိ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီဘက်မှ အင်အားထပ်မံဖြည့်တင်းလာသောကြောင့် ကေအိုင်အေနှင့် ပြည်သူ့ကာကွယ်ရေး KPDF ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

လီဆူပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ခန့် ထပ်မံဖြည့်တင်းခဲ့ခြင်းဖြစ်ပြီးနောက် ယခုလို ထပ်မံတိုက်ခိုက်ရခြင်းဖြစ်တယ်လို့ ကေအိုင်ရှေ့တန်း အရာရှိတဦးက ယခုလိုဆိုသည်။

“ဟိုတလောက သူတို့ (စစ်တပ်) ရဲ့ ကားမီးရှို့ခံရတဲ့ နေရာမှာပဲ သူတို့ကဂိတ်ပြန်လာလုပ်တာ။ အရင်ရက်တွေသွားကြည့်တော့ အသက်အကြီးကြီး တပ်ဖွဲ့ဝင်တွေပဲရှိလို့ မပစ်ခဲ့လိုက်ဘူး။ မနေ့ကတော့ သူတို့ လူထပ်ပို့လာတာတွေရှိလာလို့ အဲ့ဂိတ်ကိုသွားပစ်တာဟုတ်တယ်” ဟု ပြောသည်။

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာ ရပ်ကွတ် (၅) ဖော့စက်ရုံအနီးတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း အောင်မြေ (၁) ကျေးရွာ လီဆူပြည်သူ့စစ်စခန်းမှ ထွက်လာသည့် ကားနှစ်စီးကို KIA က ပစ်ခတ်ဖမ်းဆီး မီးရှိုးဖျက်ဆီးထားခဲ့သည်။

တနာရီခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်မှာ ပြည်သူ့စစ်နှင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ရွှေညောင်ပင်ကျေးရွာနှင့် လေးငါးမိုင်ခန့်သာဝေးသော ဒဘက်ကျေးရွာအနီးရှိ ဆမားလမ်းခွဲတွင်လည်း စစ်ကောင်စီဘက်က တပ်စွဲရန် စစ်ကြောင်းထိုးလာသည့်အတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က စောင့်ကြိုတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားသည့် အခြေအနေအသေးစိတ်ကို ကေအိုင်အိုဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံဆီ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပေမယ့် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည့်အခြေအနေကြောင့် တစုံတရာမှတ်ချက်ပြုခြင်းမရှိသေးပေ။

စာတည်း – သန့်ဇော်(သန်လျင်)