လက်ဖက်ရည်ဆိုင်ထဲ စစ်ကောင်စီ၏လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ ၄ ဦးသေဆုံး ၈ ဦး ဒဏ်ရာရဟုဆို

လက်ဖက်ရည်ဆိုင်အတွင်း စကစလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားလေးဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရဟုဆို/Photo – မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး-ပကဖ။

007

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထနောင်းတော(တောင်)ရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက လက်ဖက်ရည်ဆိုင်ထဲသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ အပြစ်မဲ့အရပ်သား လေးဦးသေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

“ညောင်ပင်သာ စကစဂိတ်က ပစ်တာခင်ဗျ၊ တလုံးက လက်ဖက်ရည်ဆိုင်ထဲကျတယ်၊ ဆိုင်က မုံရွာ-အမြင့်လမ်းဘေးဖွင့်ထားတာ အဲဒီမှာ ဆိုင်ထဲရှိနေသူတွေ အကုန်ထိတာပဲ၊ သုံးယောက် ပွဲချင်းပြီးသေတယ်၊ တယောက်ကဆေးရုံပို့ဖို့သယ်သွားရင်း သေတယ်၊ သေဆုံးတွေက အမျိုးသားတွေချည်းပဲ” ဟု မုံရွာသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းတပ်စွဲ ထားသော စစ်ကောင်စီ၏ဂိတ်စခန်းတခုမှ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းများကို စုံစမ်းဖော်ပြပေးနေသည့် မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး ပကဖ Facebook Page ကလည်း သတင်းထုတ်ပြန်ထားသည်။

“ညောင်ပင်သာဂိတ်မှ စစ်ကောင်စီတပ်သားများက ရည်ရွယ်ချက်ရှိရှိဖြင့်ပစ်ခတ်လိုက်သော ၈၁ မမ လက်နက်ကြီးနှစ်လုံးမှာ ထနောင်းတော(တောင်)ရွာ လက်ဖက်ရည်ဆိုင်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ပြည်သူ အမျိုးသားလေးဦးသေဆုံးကာ၊ ရှစ်ဦးလက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“စကစရဲ့ညောင်ပင်သာဂိတ်က ထုတာပါဗျ၊ ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ အမျိုးသမီး နှစ်ဦးပါပါတယ်” ဟု ၎င်း Page မှ ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမကို ပြောသည်။

လက်နက်ကြီးကျည်နှစ်လုံးအနက် နောက်ထပ်တလုံးသည် ရွာအပြင်တောစပ် တနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သဖြင့် လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီ၏ မအူစစ်ဆေးရေးဂိတ်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ထနောင်းတော(မြောက်)ရွာမှ အမျိုးသမီးတဦး ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး ပကဖ Facebook Page က သတင်းထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)