တာဝန်အရေး ၃ ပါး မထိခိုက်ရန် နိုင်ငံရေးပါတီများကို အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ သတိပေး

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေသည့်လုပ်ရပ်များမလုပ်ရန် အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတွေ့ဆုံမှု၌ ပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို နိုင်ငံရေးဦးဆောင်ပါတီများဖြစ်သည့် အတွက် လက်ခံလိုက်နာကြပြီး ထိခိုက်စေမည့်ကိစ္စရပ်များမပြုလုပ်ရန်လိုအပ်ကြောင်း ၎င်းက သတိပေးခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ်ဆောင်ရွက်ကြရန်လိုကြောင်းလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီဥက္ကဋ္ဌပြောကြားသည့် ဒို့တာဝန်အရေးသုံးပါးဆိုသည်မှာ ၎င်းတို့ကိုယ်တိုင်ပင် အလေးမထား ခြင်းကြောင့် နိုင်ငံရေးပါတီများအနေဖြင့် လိုက်နာရန်မလိုကြောင်း လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုး ဇော်ကမဇ္ဈိမကပြောသည်။

“အဓိကတော့ အရေးသုံးပါးဆိုတဲ့ကိစ္စက ထုတ်ထားတဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင်က၊ ဖက်ဆစ်စစ်တပ်ကိုယ် တိုင်က အလေးမှမထားတာ၊ အဲဒီဟာကို ဘယ်သူကမှလည်း လိုက်နာစရာအကြောင်းမရှိပါဘူး”ဟုဆို သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆုပ်ကိုင်ပြီး အာဏာသိမ်းခဲ့သည့်စစ်ကောင်စီသည် ရွေးကောက်ပွဲပြု လုပ်ပြီး အာဏာပြန်လွှဲပေးမည်ဟုပြောနေသော်လည်း ပြည်သူများက စိတ်ဝင်စားမှုမရှိဘဲ လက်နက်ကိုင် တော်လှန်ရေးဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် တိုက်ပွဲဝင်နေကြသည်။

စစ်အာဏာသိမ်းပြီးသုံးနှစ်ကျော်ကြာ ယမန်နေ့ကပြုလုပ်ခဲ့သည့်တွေ့ဆုံပွဲတွင် စစ်ကောင်စီက ဖွဲ့စည်းပုံ ပြင်ရန်သဘောတူကြောင်း နိုင်ငံရေးပါတီများကိုပြောခဲ့သည်။

သို့သော်လည်း စစ်ကောင်စီ၏ပြောစကားမှာ ယုံကြည်ဖွယ်ရာမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်က မဇ္ဈိမကိုပြောသည်။

“ကျနော့်အနေနဲ့ မှတ်ချက်ပေးရမယ်ဆိုရင် မင်းအောင်လှိုင်က ကတိစကားမတည်တဲ့ပုဂ္ဂိုလ်ပါ။ ၂၀၂၀ ရွေး ကောက်ပွဲကျင်းပစဉ်တုန်းကလည်း အနိုင်ရတဲ့ပါတီ အာဏာယူမှာပေါ့လို့ပြောပြီးတော့ အမြီးအမောက် မတည့်ဘူး၊ ကတိစကားမတည်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့်မို့ ယုံကြည်လို့ရနိုင်တဲ့ လူတယောက် မဟုတ် ဘူးဆိုတာ ကျနော်ပြောလို့ရပါတယ်” ဟု ၎င်းကဆိုသည်။