နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၁၄ဖေဖော်ဝါရီ ၂၀၂၄)

 အမျိုးသားညီညွတ်ရေးအစိုးရ 

  • စစ်ကောင်စီ ထုတ်ပြန်လိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် တရားမဝင်‌ကြောင်း နှင့် အ ကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအဆင့်ဆင့်ကို စစ်ရာဇဝတ်မှု ကျူးလွန်သူများအဖြစ် သတ်မှတ်၍ ပြင်းပြင်းထန်ထန် အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်သည်။ 
  • ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်‌တော် နှင့် ချင်းပြည်အစိုးရ အဖွဲ့တွင် တာ၀န်ထမ်းဆောင်ရန်  ဝန်ထမ်းများ ခေါ်ယူနေပြီး နွေဦးတော်လှန်ရေး CDM လှုပ်ရှားမှုတွင် ပါ၀င်သည့် ဝန်ထမ်းများကို ဦးစားပေးခေါ် ယူသွားမည်ဟု သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ဖေဖော်ဝါရီ ၁၃ ရက်က စစ်တပ်လက်နက်ပို့ ယာဥ်ကို တိုက် ခိုက် သိမ်းပိုက်ရရှိပြီး စစ်သားအလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်း အများအပြား သိမ်း ဆည်းရရှိကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊စစ်ဒေသခွဲ (၃) နဂါးနီစစ်ကြောင်းမှ အခြေခံ စစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်လိုက်သည်။ 
  • ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းရန် အကြမ်းဖက်စစ်အုပ်စု၏ ကြိုးစားအားထုတ် မှု အပေါ် ကုလသမဂ္ဂ၊ အာဆီယံ၊ ဒေသတွင်း နိုင်ငံများ နှင့် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင် အသီး သီးအား အကြမ်းဖက် စစ်အုပ်စု၏ လုပ်ရပ်များကို ထိရောက်စွာ တားဆီးနိုင်မည့် အရေးယူ ဆောင်ရွက်မှုများ အမြန်ဆုံး ဆောင်ရွက်ပါရန် အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြား ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၃ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။
     
  • ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြိုနယ်၊ ပေါ်လံကြီးတွင်အကြမ်းဖက်စစ်ကောင်စီ၏ အထိုင်ချတပ်စွဲထားသည့် အင်အား ၃၂ ဦးရှိ စခန်းကို ဖေဖော်ဝါရီ ၁၁ရက်၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက အလစ်အငိုက် ဝင်ရောက်ခဲ့ကြောင်း တိုင်း စစ်ဌာနချုပ်(ပဲခူးတိုင်း)မှ ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ရန်ကုန်တိုင်းတွင် ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ ဆွေးနွေးပွဲ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

တော်လှန်ရေးလှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတော(တောင်)ရွာတွင် ဖေဖော်ဝါရီ ၁၂ ရက်၊ နေ့လယ် ပိုင်းက လက်ဖက်ရည်ဆိုင်ထဲသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲရာ အပြစ်မဲ့အရပ်သား လေးဦးသေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မုံရွာသတင်းရင်းမြစ်ထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာ ကွယ်ရေးဖွဲ့များ ပူးပေါင်းတိုက် ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ် ရင်း (၄) 5/Commando Force PDF မှ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။ 
  • စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင်  စစ်ကောင်စီတပ်က နောက်ဆုံးခံစစ် အဖြစ် နေရာယူ ပြင်ဆင် ထားသော စခန်းအပါအဝင် နှစ်နေရာကို ဖေဖော်ဝါရီ ၁၁ ရက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တမူးခရိုင်တပ်ရင်းနှင့် မဟာမိတ်များကတိုက်ခိုက်ခဲ့ရာ ပျူစောထီး သုံးဦး သေဆုံးပြီး ကာကွယ် ရေး ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း တမူးခရိုင်တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် နှင့် ရေဦးမြို့နယ် အစပ်ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် အကြမ်း ဖက်စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၅ ကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု (People’s Defense Comrade) ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ် အဖွဲ့ဝင် ဘုတလင်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသားသမဂ္ဂများ ဦးဆောင်ကာ ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထုများ ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ ချီတက်ဆန္ဒပြခဲ့ ကြောင်း သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် ချေမှုန်းရေး ယနေ့ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်တွင် “အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့် ချီ ” စာသားနှင့် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်တွင် စစ်အာဏာရှင်စနစ်ကျရှုံးရေး လူထုဟစ်ကြွေးသံများနှင့် ချီတက်ခဲ့ကြသည်။ 
  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းကျေးရွာများအား စစ် ကြောင်းထိုးကာ ဒေသခံနှစ်ဦးအား သတ်ဖြတ်ပြီး ပြန်သွားသည့်စစ်ကောင်စီ၏ ကားသုံးစီးပါယာဉ်တန်းကို ဖေဖော်ဝါရီ ၁၃ ရက်၊ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 
  • မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ထောက်ခံပွဲ တက် ရောက်ပြီး ပြန်လာသည့် ပြည်ခိုင်ဖြိုး ပါတီရပ်/ကျေးကော်မတီဝင်နှစ်ဦးသည် ဖေဖော်ဝါရီ ၁၃ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် သေနတ်ပစ်ခတ်ခံ၍ တစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 
  • မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဝါဇီစက်ရုံကို ဖေဖော်ဝါရီ ၁၃ ရက်၊ ည ၁၀ နာရီခန့်က လက်နက်ကြီး၊ ဒရုန်း များဖြင့် တိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်း  ပြည်သူ့ကာကွယ် ရေးအဖွဲ့ Drone လက်ရုံးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သံပရာခြံရွာအနီးတွင် ကန်နီရွာ ပျူစောထီးစခန်းသို့ ရိက္ခာပို့လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
  • မကွေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်တွင် သပိတ်အင်အားစု များ နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စစ်ကောင်စီအနေဖြင့် အကျဥ်းထောင်အတွင်း နိုင်ငံရေး အကျဥ်းသားများကို လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှုများ ပေးရန် တောင်းဆိုဆန္ဒပြခဲ့ ကြ သည်။ 
  • ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) စုပေါင်းရုံးနှင့် ရဲတပ်ရင်း ၉ ကို အဝေး ထိန်း မိုင်းဖြင့် ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်၊ ညပိုင်းက ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာ ရရှိသူ များရှိနိုင်ကြောင်း Dark Shadow မှ ရဲဘော်ပန်ဒါက ပြောသည်။ 
  • ရန်ကုန်မြို့ နေရာအချို့တွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များ သေဆုံးကာ စာသင်ကျောင်းများ ပျက်စီးမှုအပေါ် ဆန့်ကျင်သည့် လှုံ့ဆော်မှုတစ်ခုကို ဖေဖော်ဝါရီ ၁၃ ရက်က လုပ်ဆောင်ခဲ့ကြောင်း စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းထံက သိရသည်။ 
  • ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် ဇန်နဝါရီ ၂၆ ရက်၊ ညပိုင်းက ဧရာဝတီတော်လှန်တပ်ဦး အဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်စစ်တပ်က ကျန်တပ်ဖွဲ့ဝင်များကို ဖုန်းဆက် ခေါ်ခိုင်းပြီး ထောက်ချောက်ဆင် ဖမ်းဆီးနေကြောင်း ဧရာဝတီတော်လှန်တပ်ဦး (ARF) အဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြ ထားသည်။ 

တိုင်းရင်းသားလက်နက်ကိုင်များ 

  • ကရင်နီ(ကယား) ပြည်နယ်၊ ရှားတောမြို့ကို ဖေဖော်ဝါရီ ၁၂ ရက်က ကရင်နီ တော်လှန်ရေး ပူး ပေါင်းတပ်မှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းမိထားကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) က ထုတ်ပြန်သည်။ 
  • ကာလကြာရှည် အပစ်အခတ်ရပ်စဲထားသော်လည်း နိုင်ငံရေး ပြသနာများကို မဖြေရှင်း နိုင်သည့် အပြင် ၎င်းတို့၏ တပ်စခန်းများစွာလည်း သိမ်းပိုက်ခံနေရသည်၊ မွန်လူထုကိုလည်း နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည့် အတွက် အာဏာသိမ်း စစ်တပ်ကို ပြန်လည် တိုက်ခိုက်သွားမည်ဟု အပစ်ရပ် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တစ်ချို့က ခွဲထွက်ကာ ယနေ့ ( ဖေဖော်ဝါရီ ၁၄) ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 
  • နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ရည်ရွယ်သော်လည်း စစ်ကောင်စီက ပြည်သူအပေါ် အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်မှုများကြောင့် ပြည်သူလူထုကို ကာကွယ် ရန် နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်သွားမည်ဟု မွန်ပြည်သစ် ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) က ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်တွင် သတင်း ထုတ်ပြန်သည်။ 
  • ရက္ခိုင့်တပ်တော် AA က ပလက်ဝမြို့နယ်တစ်ခုလုံးနှင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ တောင်ပြိုမြို့စသည့် မြို့ ၆ မြို့ကိုလည်း အပြီးအပိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ပြီဖြစ်ကြောင်း သိရှိရသည်။ 
  • ရက္ခိုင်ပြည်၊ ကျောက်တော်မြိုအတွင်းရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းများ အားလုံးကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများရှေ့တို့၌ ရက္ခိုင့်တပ်တော် စစ်သည်တော်များ ရိုက်ကူးထားသည့် ဓာတ်ပုံများကို ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရခိုင့် တပ်တော် AA က ထုတ်ပြန်သည်။ 
  • ရခိုင်ပြည်နယ်၌ ဖြစ်ပွားလျက်ရှိသည့် ရေ‌ကြောင်းတိုက်ပွဲများတွင် စစ်ကောင်စီ၏ စစ်သင်္ဘော တစင်းကို AA က ထပ်မံတိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ‌ခြောက်ရက်အတွင်း သင်္ဘော ငါးစင်းကို သိမ်း ပိုက် ဖျက်ဆီးနိုင်ခဲ့သည်ဟု AA က ထုတ်ပြန်သည်။ 
  • ရက္ခိုင်ဒေသ၊ ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၄)၊ ခမရ (၃၇၅) ၊ ခမရ (၃၇၆) နှင့် တပ်မဌာနချုပ် စကခ (၉) တို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ်တိုက်ခိုက်ချေမှုန်းပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်း မီးကျောက်များကို AA က ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ပြသလိုက်သည်။ 
  • ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း စစ်ရှုံး၍ ထွက်ပြေး နေသော စစ်ကောင်စီတပ်သားများက လက်နက်ခဲယမ်းများကို တောတောင်၊ လျှိုမြောင်များအတွင်း စွန့်ပစ်ခဲ့ကာ ထွက်ပြေးကြပြီး လက်နက်များကို တွေ့ရှိသူများ အနေဖြင့် လာရောက်အပ်နှံကာ ဆုငွေယူကြရန် ရခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ 

  • ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့် ပတ်သက်ပြီး နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် တွက်ချက် ချင့်ချိန်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က မှတ်ပုံ တင်ခွင့်ပြုထားပြီးဖြစ်သည့် နိုင်ငံရေးပါတီ ၄၂ ပါတီ နှင့် ဖေဖော်ဝါရီ ၁၃ ရက်က နေပြည် တော်တွင် တွေ့ဆုံရာ၌ ပြောသည်။ 
  • ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်သည့် ဥပဒေပြင်ဆင်မှုများ ထုတ်ပြန်ပြီး ဖြစ် သည်ဟု ယမန်နေ့ (ဖေဖော်ဝါရီ ၁၃) က နေပြည် တော်၌ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံစဉ် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလိုက်သည်။  
  • ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်ဟု စစ်ကောင်စီက ဖေဖော်ဝါရီ(၁၃)ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။ 
  • စစ်တပ်ထဲမှ ထွက်ထားသူများနှင့် ပင်စင်စားစစ်သားများကို စစ်ကောင်စီတပ်ထဲ ပြန်လည် ခေါ်ဆိုမည့် အရန်တပ်ဖွဲ့ဥပဒေကို အသက်သွင်းကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်တွင် ကြေညာလိုက်ပြန်သည်။ 
  • သင်္ကြန်ရုံး ပိတ်ရက်များအပြီး ဧပြီလအတွင်းတွင် စစ်မှုထမ်းရန်အတွက် လူသစ်စုဆောင်းခြင်းကို စတင်လုပ်ဆောင်မည်ဖြစ်ပြီး အပတ်စဉ် ၁ ခုလျှင် လူဦးရေ ၅၀၀၀ ခန့် ခေါ်ရန် လျာထားကြောင်း နှင့် အသေးစိတ်ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်မည်ဟုလည်း စစ်ကောင်စီ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်း၏ ပြောဆိုချက်ကို ကိုးကားပြီး BBC (မြန်မာပိုင်း) သတင်းဌာနတွင် ဖော်ပြထားသည်။ 
  • အကြမ်းဖက် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းသည့် အကြောင်း အရင်းများထဲတွင် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များတွင် တိုင်းရင်းသားစိတ်ဓာတ် ပျောက်နေ၍ နိုင်ငံတော်အတွက် စိုးရိမ်စရာ ကောင်းနေသည်ဟု စစ်ကောင်စီ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်းက စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာက တစ်ဆင့် ပြည်သူ့ စစ်မှုထမ်းဥပဒေအကြောင်း မိတ်ဆက်ပြောဆိုရာတွင် အထက်ပါအတိုင်း ပြောသည်။ 
  • စစ်ကောင်စီ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော် မတီ (NSPNC) နှင့် NCAလက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ကိုယ်စားလှယ်တို့ ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်တွင် တွေ့ဆုံပြီး နိုင်ငံတည်ငြိမ် အေး ချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်သည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်ဟု သတင်း ထုတ်ပြန်ထားသည်။ 
  • ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံက လုပ်သားခေါ်ယူရာတွင် ဝန်ဆောင်မှုလုပ်ငန်းအတွက် တိုးချဲ့ ခေါ်ယူမည် ဖြစ်သည့်အတွက် ယခု ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် ကိုရီးယား ဘာသာ အရည် အချင်းစစ် (EPS-TOPIK) စာမေးပွဲမှာ ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသားများအပြင် အမျိုး သမီးများပါ ဝင်ရောက်ဖြေဆိုနိုင်မည် ဖြစ်သည်ဟု စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ 
  • လမ်းညွှန်မှုခံယူရန် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးနှင့် သံရုံး ယာယီ တာဝန်ခံ(၁၉)ဦး၊ ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် သံအမတ်ကြီး (၄) ဦး နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ဆုံခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ 
  • စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်တွင် အမေရိကန်ဒေါ်လာ ၅.၃၈ သန်း‌ ထပ်မံရောင်းချပေးထားကြောင်း ထုတ်ပြန်ထားသည်။ 
  • လာအိုနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းကတစ်ဆင့် လျှပ်စစ်ဓာတ်အား ၁၀၀၀ မဂ္ဂါဝပ်အထိ ဝယ်ယူရန် စီစဉ်နေကြောင်း စစ်ကောင်စီလက်အောက်ခံလျှပ်စစ်စွမ်းအား ဝန်ကြီး ဌာနက သိရသည်။ 
  • ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၂) ရက်အထိ ဆယ်လကျော်ကာလအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃ ၃ ဒသမ ၁၉၇ သန်းရရှိခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 
  • စစ်မှုထမ်း ဥပဒေ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ခရီးသွားလုပ်ငန်းကို စောင့်ကြည့် တင်း ကြပ်လိုက်ပြီး ပြည်တွင်းခရီးသွားလာရာတွင် ခရီးသွားခွင့်ကတ်ဖြင့် သွားရန် ရပ်/ကျေး အုပ်ချုပ် ရေးမှူးများက အသိပေးလာကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

ဖေဖော်ဝါရီ၁၄ သုံးသပ်ချက် 

  • စစ်ကောင်စီတပ် နှင့် ကာလရှည် အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မွန်ပြည် သစ်ပါတီက ခေါင်းဆောင်တချို့သည် ခွဲထွက်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် မဖြေ ရှင်းနိုင်သည့် အတွက် အာဏာသိမ်း စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး လက်နက် ကိုင် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ချက်သည် အာဏာသိမ်းစစ်တပ်၏ နိုင်ငံရေးနှင့် စစ်ရေးရှုံးနိမ့်လာသည်ကို ထင်ဟတ်နေသည်။ 
  • အာဏာသိမ်း စစ်တပ်သည် တပ်အင်အား ပြုန်းတီးမှု များနေသည့်အတွက် စစ်မှုထမ်းရန် လူသစ်စုဆောင်းခြင်းကို အလောတကြီး စီစဉ်လာသလို စစ်တပ်ထဲမှ ထွက်ထားသူများနှင့် ပင်စင်စားစစ်သားများကို စစ်ကောင်စီတပ်ထဲ ပြန်လည် ခေါ်ဆိုမည့် အရန်တပ်ဖွဲ့ဥပဒေကို အသက်သွင်းလိုက်သည့်အတွက် စစ်တပ်သည် အင်အား ပြုန်းတီးမှုကို အလျင်စလို ကုစားနေသည်ဟု ဆိုရမည်ဖြစ်သည်။