ဗိုလ်မှူးချုပ် ၁ ဦးနှင့် ဒုဗိုလ်မှူးကြီး ၁ ဦးကို အရှင်ဖမ်းမိ၊ တပ်မမှူးနှင့် ဗျုဟာမှုး ၂ ဥိီး အလောင်းရရှိကြောင်း AA ထုတ်ပြန်

002

(မဇ္ဈိမ) ။ ။ စစ်ကောင်စီ၏ထိပ်တန်းစစ်အရာရှိများဖြစ်ကြသော ဗိုလ်မှူးချုပ်အဆင့်နှင့် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ နှစ်ဦးကို အရှင်လက်ရဖမ်းမိပြီး အခြားသော တပ်မမှူးနှင့် ဗျုဟာမှူး နှစ်ဦး၏ ရုပ်အလောင်းကိုရရှိ‌ကြောင်း ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်သည်။

ကျောက်တော်မြို့အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ၎င်း စကခ(၉) လက်အောက်ခံ နည်းဗျူဟာ (၃) မှ ဗျူဟာမှူး ဒုတိယဗိုလ်မှုးကြီး ညီညီဝင်းတို့ကို AA က ဖမ်းမိထားခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်က ဖြစ်ပွားခဲ့သည့် ကျောက်တော်မြို့ ရေကြောင်း တိုက်ပွဲအတွင်းမှထွက်ပြေးလာစဉ် ၎င်း၏တပ်ဖွဲ့ဝင် အချို့နှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကာ ဒုတိယဗိုလ်မှူးကြီး ညီညီဝင်းကို ဒဏ်ရာများဖြင့် ဇန်နဝါရီ ၁၆ ရက်နေ့က ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ရင်ဘတ်နှင့် ဦးခေါင်းတွင် “သေလုနီးပါး” ဒဏ်ရာများရရှိခဲ့သော ဒုတိယဗိုလ်မှူးကြီး ညီညီဝင်းမှာ ယခုအခါ ပြန်လည်ကျန်းမာနေပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရုပ်အလောင်းရရှိခဲ့သော အရာရှိကြီးနှစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး အင်းတိုင်အခြေစိုက် တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့်နှုံးဘူးဗျူဟာမှူး ဒုဗိုလ်မှူးကြီး ဗညားပိုင်စိုးတို့ဖြစ်သည်ဟု ဆိုသည်။
ဗိုလ်မှူးကြီး မင်းမင်းထွန်းအား ဖေဖော်ဝါရီ ၇ ရက်နေ့က မြောက်ဦး ခြေမြန်တပ်ရင်း ခမရ (၃၇၇) အား သိမ်းပိုက်သည့်တိုက်ပွဲတွင်လည်းကောင်း၊ ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးအား ဒီဇင်ဘာ ဒုတိယအပတ် တိုက်ပွဲကာလများတွင် သေနတ်ဒဏ်ရာများဖြင့် လည်းကောင်း အသေရရှိခဲ့သည်ဟု AA က ထုတ်ပြန်သည်။

ထို့ပြင် ရေးမြို့နယ်အခြေစိုက် စကစ (၁၉)၏ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေသည် ပျောက်ဆုံး သို့မဟုတ် သေဆုံးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိအချိန်တွင် အတည်ပြု၍ မရနိုင်သေး‌ကြောင်း AA က ထုတ်ပြန်သည်။

စစ်ဘက်၊ ရဲဘက်စခန်းများကိုသိမ်းပိုက်စဉ် လက်နက်ချ အညံ့ခံ ခဲ့သော စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင် များအပါအဝင် ရေကြောင်းတိုက်ပွဲများအတွင်း အသက်လုထွက်ပြေးသူများထဲမှ အသက်မသေဘဲ လွတ်မြောက်လာကြသောသူများကိုပါ ကယ်ဆယ်ပြီး ကောင်းစွာစောင့်ရှောက်ထားသည်ဟု AA က အသိ ပေးသည်။

ထို့ပြင် စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီလည်းကောင်း၊ လက်နက်ချအညံ့ခံသောသူများကိုလည်း လက်နက်ချအညံ့ခံသော သူများအား ဆက်ဆံသောပုံစံဖြင့်လည်းကောင်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး လက်နက်ချအညံ့ခံစဉ် ပါလာသော ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အရပ်သားများကိုလည်း ၎င်းတို့နှင့်အတူ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားသည်ဟု AA က ပြောသည်။

စစ်သုံ့ပန်းများ၊ စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင်များထဲမှ ပြင်းထန်ဒဏ်ရာရရှိသူများကိုလည်း ဆေးဘက်ဆိုင်ရာတပ်ဖွဲ့များက မိမိတို့တွင်ရှိသည့် အကောင်းဆုံးဆေးဝါးများဖြင့် ကုသပေးနေ သည်ဟုလည်းဆိုသည်။