ငြိမ်းချမ်းတည်ငြိမ်သော ပြည်‌ထောင်စု တည်ဆောက်ရန် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် တိုင်းရင်းသားအဖွဲ့များ နိုင်ငံရေးအရ ပေါင်းစည်းသင့်

မတူကွဲပြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ မဟာမိတ်အဖွဲ့များနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုများ၏ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်မှုများကြောင့် စစ်အစိုးရသည် အာဏာသိမ်းပြီးနောက် သုံးနှစ်နီးပါးအကြာတွင် တဖြည်းဖြည်း အင်အားချိနဲ့လာသည်။ ၂၀၂၀ ရွေးကောက်ပွဲမှ ရွေးကောက်ခံ ကိုယ်စားလှယ်များ နှင့် လူနည်းစု တိုင်းရင်းသားခေါင်းဆောင်များ ပေါင်းစပ်ပါဝင်သည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သည် နိုင်ငံရေး တည်ငြိမ်မှုရရှိရန် ကြိုးပမ်းရာတွင် နိုင်ငံရေးအရ ကျယ်ပြန့်သော ပေါင်းစပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန် လိုအပ်မည် ဖြစ်ကြောင်း စစ်တမ်းများက ဖော်ပြသည်။

NUG သည် မြန်မာနိုင်ငံကို ငြိမ်းချမ်းတည်ငြိမ်ပြီး တိုင်းရင်းသားပေါင်းစုံ ပါဝင်သော နိုင်ငံတနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရာတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် အကောင်းဆုံးဆောင်ရွက်သွားမည့် ပန်းတိုင် ကို ချမှတ်ထားကြောင်း စစ်တမ်းက ဖော်ပြသည်။ ထို့အတွက် NUG နှင့် တိုင်းရင်းသော အဖွဲ့များအကြား လေးနက်သော နိုင်ငံရေး ဆွေးနွေးပွဲများ ကို ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်သည်။

တော်လှန်ရေးအင်အားစုများ၏ အရှိန်အဟုန်ကြောင့် စစ်အစိုးရ ပြိုလဲနိုင်ခြေ မြင့်မားလာပြီး အနာဂတ်နိုင်ငံရေးနှင့် အုပ်ချုပ်ရေး ဖွဲ့စည်းပုံဆိုင်ရာ တည်ဆောက်ရေး အတွက် တွေ့ဆုံဆွေးနွေးမှုများ သည် အရေးတကြီး လိုအပ်လာသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများသည် ဗမာအများစု ကြီးစိုးသည့် အစိုးရ ပုံစံ ကို မလိုလားကြ၍ NUG ဦးဆောင်သော နိုင်ငံရေး အခင်းအကျင်းပေါ်တွင် စိုးရိမ်မှုများ ရှိကြောင်း စစ်တမ်းက ဖော်ပြသည်။

စစ်တမ်းသည် မြန်မာ့နိုင်ငံရေးတွင် သမိုင်းဝင်အားကောင်းသည့် လူမျိုးစုများ၏ အခန်းကဏ္ဍကို ထင်ဟပ်စေသည်။ တိုင်းရင်းသားလူနည်းစုများသည် ၎င်းတို့၏ အသိုက်အဝန်း၊ စာပေ နှင့် ယဉ်ကျေးမှု အပေါ် ခိုင်မာသော တွယ်တာမှု ရှိသကဲ့သို့ မြန်မာနိုင်ငံကိုလည်း ခိုင်မာသော တွယ်တာမှုရှိသည်။ မြန်မာ့နိုင်ငံရေးတွင် လူမျိုးစု လက္ခဏာသည် ကွဲလွဲနေသော အင်အားစု မဟုတ်ကြောင်း ယင်းအချက်က ညွှန်ပြနေသည်။

NUG နှင့် စစ်အုပ်ချုပ်ရေး ဆန့်ကျင်သော တိုင်းရင်းသား အဖွဲ့အစည်းများကြား အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုဖြင့် ခိုင်မာသည့် ယုံကြည်မှု တည်ဆောက်နိုင်လျှင် စစ်အစိုးရဖြုတ်ချရေးတွင် သေချာသော အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည်။

လူနည်းစု တိုင်းရင်းသားများသည် လူမျိုးရေးအရ ကွဲအက်နေသော နိုင်ငံရေးအခင်းအကျင်းကို မလိုလားကြပေ။ လူနည်းစု တိုင်းရင်းသားများသည် NUG ကို ၎င်း တို့၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထက် ပိုမို နှစ်သက်ကြောင်း စစ်တမ်းက ဖော်ပြနေသည်။ ယင်းမှာ လူမျိုးရေးအရ ကွဲအက်နေသော နိုင်ငံရေး အခင်းအကျင်းထက် ပြည်ထောင်စု တခု တည်ဆောက်လိုသော လူနည်းစု တိုင်းရင်းသားများ ၏ ကျယ်ပြန့်သော သဘောထား ဖြစ်သည်။

သို့သော် NUG တွင် ဗမာ လူမျိုး အများစု က ကြီးစိုးသည် ဟု မြင်နေခြင်းမှာ နိုင်ငံရေးတွင် အန္တရာယ်ရှိသည်။ ဗမာ လူမျိုးများ သည် ၎င်းတို့၏ အမျိုးသားရေး လက္ခဏာများအရေးကြီးသည်ဟု ယူဆသည့် အခါတွင် NUG ကို ထောက်ခံကြပြီး တိုင်းရင်းသားများက ၎င်း တို့၏ အမျိုးသားရေးလက္ခဏာများကို အရေးကြီးကြောင်း ဟု မှတ်ယူသည့်အခါ NUG ကို ထောက်ခံမှု လျော့နည်းလာပေမည်။ စစ်တမ်းအရ တိုင်းရင်းသားလူနည်းစုများသည် ဗမာများထက် ၎င်း တို့၏ အမျိုးသားလက္ခဏာများ ကို ပိုမို အလေးထားကြောင်း တွေ့ရှိရပြီး ယင်းမှာ NUG ကို ထောက်ခံမှုနည်းလာနိုင် ကြောင်း စစ်တမ်းက ဖော်ပြသည်။

တိုင်းရင်းသား လူနည်းစုများ ၏ ဗမာကြီးစိုးသော အစိုးရ နှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ နှင့် NUG ကို ဗမာ ကြီးစိုးသည် ဟု လူအများ၏ ထင်မြင် ယူဆချက်များအရ NUG အနေဖြင့် လူနည်းစု တိုင်းရင်းသားအဖွဲ့များနှင့် ယုံကြည်မှု တည်ဆောက်ပုံကို ပြန်လည် ဆန်းစစ်သင့်ပြီး ၎င်း တို့၏ အကျိုးအတွက် ပိုမိုလိုက်လျောညီထွေဖြစ်အောင် အားစိုက် လုပ်ဆောင်သင့်သည်။

မြန်မာ့လူ့အဖွဲ့အစည်းတွင် လူထုထောက်ခံမှု အခိုင်အမာ ရနေသော NUG သည် မြန်မာနိုင်ငံကို တိုင်းရင်းသားပေါင်းစုံ ပါဝင်သော နိုင်ငံတော်အဖြစ် ပြန်လည်တည်ဆောက်ရန်မှာ ၎င်း ၏ ဦးဆောင်မှု အခန်းကဏ္ဍကို ညွှန်ပြနေသည်။ NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား သိသာထင်ရှားသော စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ရှိနေသော်လည်း နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှု နည်းပါးနေသေးသည်။

NUG နှင့် တော်လှန်ရေး အဖွဲ့များအကြား စစ်ပြီးခေတ် နိုင်ငံရေး အစီအစဉ်ဆိုင်ရာ သဘောတူညီချက် ၁ ရပ် သည် မြန်မာနိုင်ငံ ၏ အနာဂတ် တည်ငြိမ်ရေး အတွက် လိုအပ်နေသည်။

နိုင်ငံတကာအသိုက်အဝန်း အနေဖြင့်လည်း မြန်မာဒီမိုကရေစီ လှုပ်ရှားမှုတွင် လူသားချင်းစာနာ ထောက်ထားမှု၊ နည်းပညာနှင့် ငွေကြေးဆိုင်ရာ အကူအညီများ ကို သိသိသာသာ တိုးမြှင့် ထောက်ပံ့ပေးသင့်သည်။

စစ်တမ်း၏ ရလဒ်များသည် တိုင်းရင်းသားလူနည်းစုများ၏ စုပေါင်းအမြင်ကို ထင်ဟပ်နေပါက ခွဲထွက်ခြင်း မဟုတ်သော တိုင်းရင်းသားအားလုံးပါဝင်သည့် ပြည်ထောင်စု တခု ကို တည်ဆောက်ရန် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုရှိကြောင်း အချက်အလက်များက ဖော်ပြနေသည်။ သို့ဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ သည် ၎င်း တို့ ၏ လူ့အဖွဲ့အစည်းက လိုအပ်နေသော ပြည်ထောင်စု အမျိုးအစားကို စေ့စပ်ညှိနှိုင်းပြီး နိုင်ငံ ၏ အနာဂတ် အတွက် တွေ့ဆုံဆွေးနွေးမှု များ လုပ်ဆောင်ရာတွင် ကိုယ်စားပြု ပါဝင်ကြရန် လိုအပ်ပေမည်။

အချုပ်ဆိုရလျှင် စစ်အာဏာသိမ်းပြီး သုံးနှစ် နီးပါး ခန့် အချိန်ကပင် မြန်မာ့ဒီမိုကရေစီ အခင်းအကျင်း သည် ခက်ခဲသော အိမ်မက် တခု မဟုတ်တော့ကြောင်း သိသာ ထင်ရှားလာသည်။ NUG နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ ၏ ပြတ်သားသော လုပ်ဆောင်ချက်များ သည် တိုင်းပြည်တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့ အရောက်လှမ်းမည့် ခြေလှမ်းများ လှမ်းလာနိုင်ပေသည်။