မြိုင်-ပခုက္ကူလမ်းပိုင်ကိုထိန်းချုပ်ထားသော စစ်ကောင်စီ၏အင်ပင်ဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

ပုံအညွှန်း။ ။ ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ RC plane အသုံးပြုကာ အီနာဂါဗုံးသီးများဖြင့် တိုက်ခိုက်ရန်ပြင်နေစဥ်//ဓာတ်ပုံ ။ ။ Young Force - UG

ပုံအညွှန်း။ ။ ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ RC plane အသုံးပြုကာ အီနာဂါဗုံးသီးများဖြင့် တိုက်ခိုက်ရန်ပြင်နေစဥ်//ဓာတ်ပုံ ။ ။ Young Force – UG

ကိုခင်မောင်

(မဇ္စျိမ)။ ။မကွေးတိုင်း မြိုင်မြို့နယ်မှ ပခုက္ကူမြို့နယ်အတွင်းဝင်ရောက်နိုင်သည့် ဝင်ပေါက်အားလုံးကို ထိန်း ချုပ်ထားသည့် စစ်ကောင်စီတပ်၏ အင်ပင်ဂိတ်ကို တော်လှန်ရေးမဟာမိတ်အဖွဲ့များမှ RC Plane များ အသုံးပြုကာ အီနာဂါဗုံးသီး ၁၀ လုံးခန့်ဖြင့်တိုက်ခိုက်ခဲ့ကြောင်း Earthquake People’s Defence Force က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီတပ်စွဲထားသော အင်ပင်ဂိတ်ကို အီနာဂါဗုံး သီး ရှစ်လုံးနှင့် ကျပ်ထိုးရဲစခန်းကို ၆၀ မမ လက်နက်ကြီးအလုံးရေ ၇၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အီနာဂါဗုံးသီး ၁၀ လုံးခန့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အဲဒီဂိတ်မှာ စစ်ကောင်စီတပ်ကပဲ ၄၀ လောက်ရှိတယ်။ ဘန်ကာအဆောက်အဦးအချို့ အမိုးတွေပျက် သွားတယ်။ လူထိခိုက်မှုတော့ မသိသေးဘူး” ဟု Earthquake People’s Defence Force တာဝန်ခံ ကိုအရှည်ကြီးက မဇ္စျိမကိုပြောသည်။

အင်ပင်ဂိတ်သည် ပခုက္ကူသို့ မြိုင်မြို့နယ်ဘက်မှ ဝင်ပေါက်အားလုံးကို ထိန်းချုပ်ထားသောဂိတ်ဖြစ်ပြီး ကုန်ကားသမားများအား အစစ်အဆေးကြမ်းသည့် ဂိတ်ဖြစ်ကြောင်း ၎င်းကပြောသည်။

“အဲဒီဂိတ်ကနေ ပခုက္ကူမြို့ထဲကို ကားဝင်ခွင့်မပေးတာကြာပြီ။ လမ်းလည်းဖွင့်မပေးတော့ မြိုင်နယ်ဘက် က ပြည်သူတွေမှာ ပခုက္ကူမြို့ကို စျေးဝယ်ဖို့ တော်တော်လေး အခက်အခဲနဲ့ရင်ဆိုင်ရတယ်။ သူတို့ဂိတ်မှာ ကားရပ်ခိုင်းတယ်၊ ပြီးရင်မြို့ထဲကနေ တုတ်တုတ်တို့၊ သုံးဘီးတို့နဲ့ သယ်ခိုင်းတယ်” ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁၄ရက် နံနက်ပိုင်းတွင်လည်း ပခုက္ကူမြို့ရှိ စစ်ကောင်စီတပ်စွဲနေထိုင်သော စက်မှုဇုန်ဂိတ် ကို RC Plane များဖြင့် ဗုံးသီးရှစ်လုံးထက်မနည်းချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများကို Earthquake People’s Defence Force၊ Pakokku People’s Defense Force ၊ မြနန္ဒာ Drone Force(မန္တလေး) ၊ ပခုက္ကူမြို့နယ် (ပလဖ)၊ ပခုက္ကူခရိုင် (ပလဖ)၊ မြောင် (ပလဖ)နှင့် ပခုက္ကူ မြို့နယ် ပ.က.ဖ တပ်ခွဲ(၂)၊ PKU Ranger ၊ Thurain TR၊ Young Force – UG အဖွဲ့တို့မှ ပူးပေါင်းဖော် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မြိုင်မြို့နယ် သရက်ကန်ကျေးရွာတွင် ကင်းလှည့်နေသော ပျူစောထီးများ အားတိုက်ခိုက်ခဲ့ရာ ခုနစ်ဦးပွဲချင်းပြီးသေဆုံး၍ ငါးဦးအရှင်ဖမ်းမိခဲ့ကြောင်းလည်း Earthquake People’s Defence Force တာဝန်ရှိသူထံမှ သိရသည်။

စာတည်း။ ။စောဖေ