ဖာပွန်ခရိုင်ရှိ အထိုင်ချ စစ်စခန်း ၂ ခုမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေး

ပုံအညွှန်း- တပ်စွန့်ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်စခန်းတခု /(ဓါတ်ပုံ- KNU Mutraw News)

YT

(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅)နယ်မြေ၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း KNU- မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များက KNU တပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီစခန်းများကို နေ့စဉ် ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ စခန်းများကို စွန့်ခွာထွက်ပြေးကြခြင်းဖြစ်သည်ဟု KNU ထံက သိရသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် လယ်ကလေးကျိုး စစ်ကောင်စီစခန်းနှင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် ကျူလူ စစ်ကောင်စီစခန်းတို့မှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာကာ မော်ဖူးဗျူဟာစခန်းသို့ ပူးပေါင်းသွားကြကြောင်း KNU ထံက သိရသည်။

ခြေမြန်တပ်ရင်း ခမရ (၃၄၉) မှ စစ်ကောင်စီတပ်သားများ အထိုင်ချသည့် လယ်ကလေးကျိုး စစ်ကောင်စီစခန်းသည် KNU တပ်မဟာ (၅) နယ်မြေအတွင်း ၁၉၉၇ ခုနှစ်မှစ၍ လာရောက် အခြေချ တပ်စွဲထားခြင်းဖြစ်ပြီး ကျူလူစခန်းမှာ ၂၀၀၇ ခုနှစ်တွင် လာရောက်အထိုင်ချ တပ်စွဲသည့် စခန်းဖြစ်ပြီး အဆိုပါ စခန်းများတွင် BGF တပ်ဖွဲ့ဝင်များပါ အထိုင်ချကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

” ယခင် နအဖ စစ်အစိုးရခေတ်ကတည်းက BGF (၁၀၁၄) လက်အောက်ခံနယ်ခြားစောင့်တွေပါ။ လူသောမြို့နယ်ထဲက ကျေးရွာအခြေစိုက် စခန်းတွေ။ ယခု BGF ဗဟိုက ပြန်ရုတ်သိမ်းတော့ သူတို့ပါ စစ်ရုံး မရှိကြတော့။ တချို့နေရာတွေမှာတော့ ဗမာအရာရှိ၊ ဗမာစစ်သားတွေနဲ့အတူ ရောထားတယ်” ဟု တပ်မဟာ (၅) မြေပြင်စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် စခန်းနှစ်ခုမှ စစ်ကောင်စီတပ်သားများ လာရောက် ပူးပေါင်းရာ မော်ဖူး ဗျူဟာစခန်းကိုလည်း တပ်မဟာ (၅) KNLAပူးပေါင်းတပ်ဖွဲ့က အပြင်းအထန် ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

KNU တပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီစခန်းများသို့ မြေပြင်မှ စစ်ကူ၊ ရိက္ခာ မပို့နိုင်တော့သည့် စစ်ကောင်စီတပ်သည် ရဟတ်ယာဉ်ကို အသုံးပြု၍ စစ်လက်နက်ရိက္ခာများ ပို့သော်လည်း ရေရှည် ပို့ဆောင်ရန် မစွမ်းတော့သဖြင့် တပ်စခန်းများကာ ရုတ်သိမ်းကာ မနီးမဝေးရှိ ဗျူဟာစခန်းများထံ ဆက်တိုက် ပူးပေါင်းနေကြသည်ဟု KNU က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ လကုန်ပိုင်းကလည်း KNU တပ်မဟာ (၅) နယ်မြေအတွင်းရှိ စော်ထာ စစ်ကောင်စီခန်းမှ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြခြင်းရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)