နတ်မောက် ရွာမွန်ကျေးရွာရှိ ပင်မစစ်လက်နက်ပစ္စည်းစက်ရုံ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်

ပုံအညွှန်း- အဖိနှိပ်ခံပြည်သူ့တော် လှန်ရေးအင်အားစု OPRF – PLA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်

ပုံအညွှန်း- အဖိနှိပ်ခံပြည်သူ့တော် လှန်ရေးအင်အားစု OPRF – PLA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်

MTO

မကွေးတိုင်း နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာရှိ စစ်ကောင်စီ၏ ပင်မစစ်လက်နက်ပစ္စည်းစက်ရုံ (ပပန-နတ်မောက်) စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော် လှန်ရေးအင်အားစု OPRF – PLA အဖွဲ့ က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ဆေးရေးဂိတ်အား ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၆နာရီ ၅၆ မိနစ်အချိန်တွင် ကိုက် ၂၀၀ အကွာအဝေး ကနေ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း OPRF – PLA အဖွဲ့ တာဝန်ရှိသူ က ပြောသည် ။

“ ကိုက် ၂၀၀ အကွာလောက်ထိကပ်ပြီး ပြောက်ကျားစနစ်နဲ့ ဝင်ပစ်ခဲ့တာ သူတို့ ဘက်ကလည်း ပြန်ပစ် တာရှိတယ်” ဟုပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဘက်မှ ထိခိုက် မှုအခြေအနေကို စုံစမ်းဆဲဖြစ်ပြီး ဒေသ ကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် ထိခိုက်မှုမရှိ ကြောင်း OPRF – PLA အဖွဲ့ တာဝန်ရှိသူ က ဆိုသည်။

တိုက်ခိုက်မှုအပြီးတွင် ည ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ က တပ်ဖြန့်ကင်းလှည့်မှုများပြုလုပ်ခဲ့ပြီး စစ်ဆေးရေးဂိတ်မှာလည်း အင်အားများ ထပ်ဖြည့်ထားကြောင်း OPRF – PLA အဖွဲ့ ထံက နေသိရသည်။

ရွာမွန်ကျေးရွာ ရှိ စစ်ကောင်စီတပ်သားများ သည် နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူများအပေါ် မကြာခဏ အကြမ်းဖက်လုပ်ရပ်များလုပ်လေ့ရှိကြောင်းဒေသခံများကဆိုသည်။

ယခုတိုက်ခိုက်မှုကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်း ( ၉၀၂ )တပ်ရင်း၊ နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ် People’s Defence Force – Natmauk နှင့် အဖိနှိပ်ခံပြည်သူ့တော် လှန်ရေးအင်အားစု OPRF – PLA အဖွဲ့ တို့ မှပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားသည်။