ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီတပ်၏အမြန်ယာဉ် ကာကွယ်ရေးအဖွဲ့တိုက်ခိုက်

လွှမ်းမိုး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ၊ ခံကုန်ရွာအနီး ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ အမြန်ရေယာဉ်ကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းအချိန်တွင် ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပစ်ခတ်
တိုက်ခိုက်သည်ဟု သိရသည်။

“စစ်ကောင်စီတပ်ဖွဲ့က ချင်းတွင်းမြစ်ကြောင်းအတွင်း တပ်ဖွဲ့အချိန်းအပြောင်း လုပ်နေစဉ်မှာကာကွယ်ရေးအဖွဲ့က တိုက်ခိုက်တာ”ဟု ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်(B.N.R.A) စေတန်တပ်ခွဲ တာဝန်ရှိသူက ပြောသည်။

အဆိုပါရေယာဉ်ကို ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်စဉ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုရှိခဲ့ပြီး ရေယာဉ်ထိခိုက်ပျက်စီးမှုရှိကာ မုံရွာနမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)ဘက်သို့ မောင်းနှင်သွားသည်ဟု ဆိုသည်။

“နွေပေါက်လာပြီး ရေကြောင်းကျဉ်းနေတဲ့ အချိန်မှာ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရတာ ဖြစ်တဲ့အတွက် ရန်သူ့တပ်ကို ကောင်းကောင်းဖိအား ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖလပ်သင်္ဘောကြီးတွေ မဟုတ်ဘဲ အမြန်ယာဉ်ကို ပစ်ခဲ့ရတဲ့အတွက် စစ်သားထိခိုက်သေဆုံးမှုတွေ များနိုင်တယ်” ဟု စေတန်တပ်ခွဲ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပစ်ခတ်ချိန် မိနစ် ၅၀ခန့် ကြာမြင့်ခဲ့ကာ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်(BNRA) စေတန်တပ်ခွဲ နှင့် ဒေသခံမဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကာ ငါးဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း BNRA စေတန်တပ်ခွဲထံမှ သိရသည်။

ယင်းအမြန်ရေယာဉ်သည် ရေစကြိုမြို့နယ် ၊ဆင်ဖြူရှင် တံတားဂိတ်မှ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (န.မ.ခ) သို့ တပ်အချိန်းအပြောင်း ဖြင့် ဆန်တတ်လာသည့် အမြန်ယာဉ် တစီးဖြစ်ကြောင်း မဇ္စျိမ၏ မြေပြင်သတင်းထောက်က သတင်းပေးပို့သည်။

“ရေကြောင်းတိုက်ပွဲတွေမှာ ရန်သူ့အမြန်ယာဉ်တွေကို ဖျက်ဆီးနိုင်တဲ့ ဖျက်အားပြင်းတဲ့ လက်နက်တွေ လိုအပ်ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင် တော်တော်များများက အခုအချိန်ထိ လက်လုပ်တဖက်ပွင့် ပြောင်းတိုက် ၊ လက်နက်ငယ်တွေပဲ အသုံးပြုတိုက်ခိုက်နေရတဲ့အတွက် ရန်သူ့အမြန်ယာဉ်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အခြေအနေ မရှိတာဖြစ်တယ်” ဟု စေတန်တပ်ခွဲမှူးက ဆိုသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပွါးခဲ့သည့် ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ဖလပ်သင်္ဘော ကိုးစီးကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

စာတည်း ။ ။ ဖူးသိမ်ကျ