CDM ပြုလုပ်ထားသည့် ဆင်စခန်းကို မီးလာရှို့သူများ ပစ်ခတ်ခံရ၍ ၅ဦးသေဆုံး

ရွှေနွယ်

(မဇ္ဈိမ)။ ။ပဲခူးရိုးမတွင် CDM ပြုလုပ်ထားသည့် ဆင်စခန်းကို မီးလာရှို့သည့် သာယာဝတီခရိုင်မှ သစ်အုပ်ကြီးအပါအဝင် သစ်လုပ်ငန်းဝန်ထမ်းနှင့် ပျူစောထီးဆိုသူ ငါးဦး ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

“ဆင်စခန်းတွေကို မီးရှို့ဖျက်ဆီးသွားတယ်။ ဆင်စခန်း သုံးခုလောက် ပျက်စီးသွားတယ်။ အဲ့တာ ကျွန်တော်တို့ သတင်းကြားလို့ ဆင်းလိုက်တဲ့အချိန်မှာ သူတို့က သူတို့အခြေစိုက်တဲ့ ကုန်းရွာနားမှာ သောက်စားနေတာ။ အဲ့မှာ ဝင်ပစ်တော့ အပြန်အလှန် ၁၅ မိနစ်လောက် တိုက်ပွဲဖြစ်ပြီး သူတို့သေဆုံးတာပါ” ဟု Yoma GBK PDF၏ တပ်ခွဲမှူး ကိုကရင်လေးက ဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၉နာရီ၃၀မိနစ် အချိန်ခန့်က ဆင်စခန်းများကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ပြီး နံနက် ၁၀ နာရီ ၃၀မိနစ် အချိန်ခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွါးခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

သစ်အုပ်ကြီး ဦးကျော်ဆန်းဝင်း ဦးဆောင်သော မြန်မာ့သစ်လုပ်ငန်း ဝန်ထမ်းများ၊ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး စုစုပေါင်း အင်အား ၂၀ ခန့်သည် CDM ပြုလုပ်ထားသော ဆင်စခန်းကို မီးရှို့သွားခြင်းဖြစ်သည်ဟု Yoma GBK PDF၏ တပ်ခွဲမှူး ကိုကရင်လေးက မဇ္ဈိမကိုပြောသည်။

ထိုသူများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ CDM ပြုလုပ်လာသော ဆင်များအား လာရောက်ဖမ်းဆီးခြင်း၊ PDF စခန်း တည်နေရာများကို စုံစမ်းလေ့လာခြင်းနှင့် ဇီးကုန်းမြို့နယ် ဘော်ဘင်ရွာအတွင်းမှ ဆင်စခန်းအား မီးရှို့ခြင်းတို့ ပြုလုပ်သည့်အတွက် လိုက်လံပစ်ခတ်ရခြင်းဖြစ်သည်ဟု Yoma GBK PDFက ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျန်ဝန်ထမ်းများနှင့် စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့က တပ်ပြန်ဆုတ်သွားကာ သေဆုံးသူ ရုပ်အလောင်းများထံမှ သက်သေခံ ဝန်ထမ်းကတ် သုံးခု၊ ဖုန်းငါးလုံး နှင့် ဆိုင်ကယ် သုံးစီးတို့ကို ကာကွယ်ရေးအဖွဲ့က သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း သေဆုံးသူများမှာ သစ်အုပ်ကြီး ဦးကျော်ဆန်းဝင်း၊ ဆင်ခေါင်း ဦးခင်ရင်၊ ချောင်းခေါင်း ဦးကျော်စွာဝင်း၊ ပျူစောထီးဆိုသူ ဦးဇော်ဝင်းနှင့် ဦးသက်နိုင်ထွန်းတို့ဖြစ်ကြောင်း ကိုကရင်လေး၏ ပြောဆိုချက်အရ သိရသည်။

ဘော်ဘင်ဆည်အနီး ဆင်စခန်းများမှ ဆင်ဦးစီးနှင့် ဆင်အကောင်ရေ ၁၅ စုံခန့်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ယမန်နှစ်ကပင် CDM ပြုလုပ်ခိုလှုံနေခြင်းဖြစ်ကြောင်း ကိုကရင်လေးက ပြောသည်။

ပဲခူးရိုးမသည် သစ်တောပြုန်းတီးမှုကြောင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်ခြင်းလုပ်ငန်းအား ၁၀ နှစ် ရပ်နားထားသော်လည်း တရားမဝင် သစ်ထုတ်လုပ်မှုမှာ ဆက်ရှိနေသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများထံမှ သိရသည်။

“သစ်တောဦးစီးနဲ့ စကစ၊ ပျူစောထီးပေါင်းပြီးထိုင်တဲ့ဂိတ်(တရားမဝင် သစ်ထုတ်နေသော ကားများအား စစ်ဆေးငွေတောင်းခံနေသောဂိတ်) က ခုနှစ်ဂိတ်၊ ရှစ်ဂိတ်လောက်ရှိမယ်။ အခုလက်ရှိမှာတော့ ကျွန်တော်တို့ ဝင်တိုက်ခိုက်တာတွေနဲ့ ဂိတ်ပြန်ရုတ်သွားတာတွေလည်း ရှိတယ်။ တချို့ဂိတ်တွေကတော့ရှိနေတုန်းပဲ”ဟု Yoma GBK PDF၏ တပ်ခွဲမှူး ကိုကရင်လေးက ပြောသည်။

အဆိုပါ ဂိတ်များသည် ပဲခူးရိုးမအတွင်းမှ တရားမဝင် သစ်ထုတ်ယူနေသော သစ်ကားများနှင့် ဆိုင်ကယ်များအား ငွေကြေးကောက်ခံနေခြင်းဖြစ်ကြောင်း ဆိုသည်။

“ပဲခူးရိုးမပေါ်က သစ်ခိုးထုတ်တာတွေက တော်တော်များတယ်ဗျ။ ကျွန်တော်တို့ သိတာလည်းရှိတယ်။ မသိတာလည်းရှိတယ်။ ကျွန်တော်တို့ ၂၀၂၁ ရိုးမပေါ်စပြီး ခြေကုတ်ယူတုန်းကတော့ ၂၀၂၂ လောက်ထိ သစ်ကိစ္စတွေ လိုက်မထိန်းသိမ်းနိုင်သေးဘူး။ အခုနောက်ပိုင်း ကျွန်တော်တို့ စိုးမိုးနယ်မြေရလာပြီးမှ ဒီကိစ္စကို လိုက်လံပိတ်ဆို့တော့မှ သစ်တွေက တော်တော်လေးကို ရှားပါးသွားတာ တွေ့ရတယ်။ တချို့ကြိုးဝိုင်းတွေ ကျွန်းသစ်ခင်းတွေဆို လက်မောင်းလုံး ခြေသလုံးလောက် အပင်တွေပဲကျန်တယ်” ဟု ကိုကရင်လေးက ပြောသည်။

သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဆင်ရေးနယ်မြေတွင် ပါဝင်သော ပဲခူးရိုးမ အတွင်း မော်တော်ယာဉ်များ တက်ခွင့်ကို ပိတ်ပင်ကာ သစ်ခိုးထုတ်မှုများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပဲခူးစစ်ဒေသခွဲက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် သတိပေးချက် ထုတ်ပြန်ခဲ့ဖူးသည်။

ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း ဖေဖော်ဝါရီလ ၅ ရက်မှ ၁၁ ရက်ထိ တပတ်တာကာလတွင် တရားမဝင်ကျွန်း၊ သစ်မာနှင့် အခြားသစ် စုစုပေါင်းတန်ချိန် ၅၇ ဒဿမ ၉၄၆၈တန် သိမ်းဆည်းရရှိခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ