KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီ လက်နက်ကြီးထိမှန်၍ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ပုံအညွှန်း- စစ်ကောင်စီ​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီး၊ ထိခိုက်မှုများ (ဓါတ်ပုံ- KNU)

YT

(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် KNU တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီး မြို့နယ်တို့တွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် သက်ကြီး အရွယ်အမျိုးသမီးအပါ အဝင် နှစ်ဦးသေဆုံး၍ ခုနစ်ဦးဒဏ်ရာရခဲ့ကြောင်း KNU ဗဟို၏ ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့ ထုတ်ပြန်ချက်များအရ သိရသည်။

KNU ၏ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)မှ လက်နက်ကြီး များဖြင့်ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်မှ ဒေသခံနှစ်ဦးသေဆုံး၍ ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းနှင့် ညပိုင်းတို့၌ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၍ ကျောက်ကြီးမြို့နယ်၊ ကညင်ကျိုးကျေးရွာမှ အသက် ၄၂ နှစ်အရွယ် မယုမော်နှင့် ခင်ကန့်လန့်ကျေးရွာမှ အသက် ၈၅ နှစ်အရွယ် ဒေါ်ယဉ်ဒွေးတို့ သေဆုံးခဲ့ရသည်။

ထို့ပြင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကညင်ကျိုးရွာမှ အသက်ရှစ်နှစ်အရွယ် ယွန်းယွန်း၊ အသက် ၁၃ နှစ်အရွယ် မိမာ၊ အသက် ၁၄ နှစ်အရွယ် ကုလားလေး၊ အသက် ၄၁ နှစ်အရွယ် ကိုစန်းအောင်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်ရွှေလဝန်းနှင့် ခင်ကန့်လန့်ရွာမှ အသက် ၄၄ နှစ်အရွယ် မကြူကြူတို့ ကျည်ထိမှန် ဒဏ်ရာရခဲ့ကြကြောင်း သိရသည်။

“သူတို့က ပစ်မှာပဲလေ၊ ဒီဘက်က သူတို့ကို လာတိုက်မလားလို့ စိတ်ခြောက်ခြားနေတာတွေလည်းပါတာ ပေါ့။ တွေးကြောက်နေရတော့ ပြည်သူတွေရှိတဲ့ဆီ လှမ်းလှမ်းပစ်နေတာ။ ဒဏ်ရာရတဲ့သူတွေကို ဆေးကု ပေးထားတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း ညောင်လေးပင်အခြေစိုက် ခမရ(၂၀)မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ချုံအင်းကျေးရွာမှ အသက် ၄၆ နှစ်အရွယ် မစာဥ အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း KNU ၏ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

“ဘေခေး(ချုံအင်း)မှာ အမျိုးသမီးတယောက် ထိထားတယ်။ ခမရ(၂၀)က ပစ်တာ။ အခုတော့ ဆေးကုပေး နေပြီ” ဟု သတင်းရင်းမြစ်မှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက မဇ္ဈိမကိုပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်ဆက်တိုက် ရွှေကျင်မြို့နယ်၌ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလေးဦးသေဆုံးခဲ့ကြောင်း KNU က ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ