ဆီဆိုင်မြို့တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် စစ်ဘေးရှောင်၆ ဦး ထပ်မံသေဆုံး

Photo – ဆီဆိုင်မြို့နယ်၊ထမ်းယံကျေးရွာမှ နေအိမ်တလုံး လက်နက်ကြီးထိမှန်ပျက်ဆီးနေမှု/Photo – PNLA

001

(မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ စစ်ဘေးရှောင်ခြောက်ဦး ထပ်မံသေဆုံးပြီး ခြောက်ဦးထက်မနည်းဒဏ်ရာရရှိကြောင်းပအိုဝ်းလူငယ်အစည်းအရုံး (PYO)နှင့် မြေပြင်ရှိ စစ်‌ဘေးရှောင်ကူညီပေး​နေသူများထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ဘေးရှောင်နေသည့်နေရာမှ ပြန်လာပြီး နေအိမ်မှပစ္စည်းအချို့ပြန်ယူသည့် ကားတန်းသည် ဆီဆိုင်မြို့၊ဝါးတောရွာအနီး၌ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ခြင်းဟု သတင်းရရှိသည်။

“မနက်တုန်းက သူတို့(စစ်ကောင်စီ) စပြီးတော့မှ ပစ်တဲ့အချိန်ကတော့ ၆ နာရီပေါ့။ စပစ်တဲ့အချိန်မှာ လက်နက်ကြီးက ဆီဆိုင်ဝါးတောရွာရဲ့ အရှေ့ဖက်ခြမ်းက ကားတန်းတွေကို လက်နက်ကြီးက ထိသွားတယ်။ ကားတွေလည်း ထိခိုက်ပျက်စီးသွားတယ်။ နောက်လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားတယ်”ဟု PYO မှ တာဝန်ရှိသူတဦးကပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့်ဆီဆိုင်မြို့ ဘုရားဖြူရွာမှ အမျိုးသမီးအချို့အပါအဝင် စစ်ဘေးရှောင်ခြောက်ဦးသေဆုံးသွားသည်ဟု စစ်ဘေးရှောင်ကူညီပေးနေသူတဦး ပြောသည်။

“ခဏလေးပစ္စည်းပြန်ယူကြတာ။ ဒီမှာ စားစရာမရှိဘူး။ ရတဲ့ပစ္စည်းပြန်ယူမယ်။ ပြန်ရောင်းမယ်ပေါ့။ တချို့က ပြောင်းလေးစိုက်ထားတယ်။ စပါးလေးစိုက်ထားတယ်။ အဲ့တာပြန်ယူပြီးတော့ရောင်း။ တချို့က စပါးကျတော့ ဆန်ပြန်ကြိတ်ပေါ့။ အဲ့တာစားဖို့အတွက် ပြန်သယ်ကြတာပေါ့ လူတွေက”ဟု ၎င်းက‌ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့နယ် ထမ်းယံနှင့် ထီတမ်ကျေးရွာတို့မှ ခြောက်လသားအရွယ် ကလေးငယ်အပါအဝင် နှစ်ဦး သေဆုံးပြီး ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်ထားသည်။

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နှင့် PNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် ဇန်နဝါရီလ တတိယပတ်မှစပြီး တိုက်ပွဲများဖြစ်ပွား​နေခြင်းဖြစ်သည်။

လက်ရှိတွင် ဆီဆိုင်မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိ သော်လည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် နေအိမ်မီးလောင်ပျက်စီးမှုများလည်းရှိကြောင်း ဒေသခံများကပြောသည်။

ထို့ပြင် ဆီဆိုင်မြို့နယ်မှ စစ်ဘေးရှောင်များသည် လက်ရှိတွင် စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

“လူကအများစုက ဆီဆိုင်မြို့နယ် ဆင်းရဲတဲ့လူအများစုဖြစ်တော့ နေ့လုပ်နေ့စားတွေများတယ်။ အခုက အလုပ်အကိုင်မရှိ။ စစ်ရှောင်နေရတော့ ငတ်နေကြကုန်ပြီပေါ့။ တချို့ဆို ဆန်ပြုတ်စားရတယ်။ တချို့ဆို ထမင်းခြောက်ကို ပြန်ပြီးတော့ ချက်ပြီးတော့ ပြုတ်စားရတဲ့အနေအထားတခုဖြစ်သွားတယ်”ဟု စစ်ဘေးရှောင်ကူညီပေးနေသူတဦးက ပြောသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ်ရှိ မြို့ပေါ် ခြောက်ရပ်ကွက်နှင့် ကျေးရွာပေါင်း ၆၅ ရွာမှ ဒေသခံပြည်သူ ၇၀,၀၀၀နှင့်အထက် စစ်ဘေးတိမ်းရှောင်နေရကြောင်း PYO က ပြီးခဲ့သည့် ​ဖေ​ဖော်ဝါရီလ ၁၄ရက်​နေ့က ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း