မောင်တောရှိ ပဲရမ်းတောင် စစ်စခန်းကို သိမ်းပိုက်ခဲ့ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်းမြို့ များတွင် စစ်ကောင်စီက ခုခံစစ်နှင့် ခွာစစ်များ အသုံးပြုနေသည်ဟု AA ထုတ်ပြန်

002

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိနေရာမောင်တောမြို့နယ် ပဲရမ်းတောင် စစ်စခန်းကို သိမ်းပိုက်ခဲ့ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်းမြို့ များတွင် စစ်ကောင်စီက ခုခံစစ်နှင့် ခွာစစ်များ အသုံးပြုနေသည်ဟု ရခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

မောင်တောမြို့နယ်၊ ပဲရွန်းတောင် (ပဲရမ်းတောင်) ရှိ စစ်ကောင်စီ၏ စခန်းအား ဖေဖော်ဝါရီ ၁၉ ရက်နံနက် ၇ နာရီခန့်မှ စတင်ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ပြီး ၉ နာရီအကြာထိုးစစ်အပြီး ညနေ ၄ နာရီခွဲတွင် သိမ်းပိုက်ရယူနိုင်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် သုံးကြိမ် တိုင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၁၀ ဦး၏ အလောင်းများနှင့် လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

ယင်းစခန်းမှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသူများကို လိုက်လံရှင်းလင်းလျက်ရှိသည်ဟု AA က ထုတ်ပြန်သည်။

ထို့ပြင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်းမြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရပြီး စစ်ကောင်စီအနေဖြင့် လက်နက်ကြီး၊ လေကြောင်းမှ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကိုသာ ပြုလုပ်လျက်ရှိ‌နေသည်ဟု AA က ဆိုသည်။

စစ်တွေမြို့မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ မြို့တော်ဖြစ်ပြီး အမ်းမြို့မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာမြို့ဖြစ်သည်။ ကျောက်ဖြူတွင် ဓည၀တီရေတပ်စခန်းဌာနချုပ် တည်ရှိပြီး ယင်းမြို့များတွင် ခုခံစစ်နှင့် ခွာစစ်ကို တွေ့နေရခြင်းဟု AA က သုံးသပ်ထားသည်။

ရခိုင်ဒေသထိုးစစ်ကို နို၀င်ဘာ ၁၃ ရက်တွင် AA က အကောင် အထည်ဖော်ခဲ့ရာ သုံးလအတွင်း ‌မြောက်ဦး၊ ကျောက်တော်၊ ‌မြေပုံ၊ ပေါက်တော၊ မင်းပြား အစရှိသည့်မြို့များအပြင် ပလက်ဝဒေသ ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

ဖေဖော်ဝါရီလဆန်းပိုင်းကလည်း စစ်ကောင်စီ၏ ရေတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်သဘော်ငါးစင်းမှာ နစ်မြုပ်ခဲ့ ပြီး လေးစင်းကို ရေချမရအောင် AA က တိုက်ခိုက်နိုင်ခဲ့သည်။

ရခိုင်တွင် စစ်ရေးမရှုမလှရှုံးနိမ့်နေသည့် စစ်ကောင်စီက လက်နက် ကြီးများ၊ လေယာဉ်များကို အသုံးပြုပြီး တိုက်ခိုက်နေသဖြင့် အရပ်သားများထိခိုက်ဒဏ်ရာရခြင်း၊ ကျေးရွာနှင့် မြို့အတွင်းရှိ လူနေအိမ်များမှာ လက်နက်ကြီးထိမှန်၍ မီးလောင်ခြင်း၊ ပျက်စီးခြင်းဖြစ်ပေါ်‌နေကာ အိမ်မွေးတိရစ္ဆာန်များနှင့် ကျွဲ၊ နွားတို့မှာလည်း သေဆုံးမှုများ ရှိခဲ့သည်။