မန်ယူ အဆင့်အတန်းနဲ့ အောင်မြင်မှုတွေကို ‘ရန်သူတွေ’ဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးလ်ထက် တဆင့်မြင့်ဖို့ ရက်ကလစ်ဖ် ရည်မှန်းထား

By PKThawn

ပြိုက်ဘက် “ရန်သူတော်”တွေဖြစ်ကြတဲ့ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ကို သုံးနှစ်အတွင်း “သူတို့ရဲ့အထွတ်အထိပ်နေရာကနေ ဆွဲချပစ်မယ်”လို့ မန်ချက်စတာယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်အသစ် ဂျင်မ်ရက်ကလစ်ဖ်က အဲလက်စ် ဖာဂူဆန်ရဲ့ ကျော်ကြားခဲ့တဲ့ အသုံးအနှုန်းကို ရည်ညွှန်းရင်း အင်္ဂလန်ဘီလူးကြီးတွေဟာ သူတို့ဆီကနေ သင်ယူစရာများစွာ ရှိတယ်လို့ ပြောပါတယ်။

အသက် ၇၁ နှစ်အရွယ် ရက်ကလစ်ဖ်ဟာ ကလပ်ရဲ့ ရှယ်ယာ ၂၇.၇ ရာခိုင်နှုန်းကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ဝယ်ယူမှု ပြီးမြောက်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ယူနိုက်တက်ရဲ့ အရင်က အောင်မြင်ကျော်ကြားမှုတွေကို ပြန်လည်တောက်ပလာစေဖို့အတွက် ကြိုးပမ်းတဲ့အနေနဲ့ စာချုပ်ပါစည်းကမ်းချက်တွေအရ ဘောလုံးလည်ပတ်မှုလုပ်ငန်းဆိုင်ရာ ထိန်းချုပ်မှုတွေကို သူ့ရဲ့ ကုမ္ပဏီ INEOS ထံ လွှဲအပ်သွားမှာဖြစ်ပါတယ်။

စီးတီးနဲ့ လီဗာပူးလ်တို့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း အင်္ဂလိပ်ဘောလုံးလောကမှာ အသာစီးရခဲ့ပြီး ယူနိုက်တက်ရဲ့ ကံကြမ္မာတွေဟာ ၂၀၁၃ မှာ အနားယူခဲ့တဲ့ ဖာဂူဆန်ရဲ့ အောင်မြင်မှုတွေနောက်ပိုင်း မှေးမှိန်သွားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးက ရပ်တည်နေပြီး ရာသီကုန်မှာ ယူနိုက်တက်ရဲ့  အမှတ်ပေးဖလား စံချိန်တင် အကြိမ် ၂၀ မြောက်ကို လိုက်မှီသွားနိုင်ဖွယ်ရှိပါတယ်။

စီးတီးဟာ ပြီးခဲ့တဲ့ ခြောက်ရာသီအတွင်း ငါးရာသီ ချန်ပီယံဖြစ်ခဲ့ပြီး ဒီရာသီမှာ သူတို့ဟာ ထိပ်တန်းအမှတ်ပေးဖလား လေးကြိမ်ဆက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအင်္ဂလိပ်အသင်းဖြစ်လာဖို့ ရည်မှန်းထားပါတယ်။

ကလပ်ကံကြမ္မာကို ပြောင်းလဲပေးတဲ့ အဘူဒါဘီ ပိုင်ဆိုင်မှုအောက် အစောပိုင်းကာလတွေမှာ စီးတီးကို “တက်ကြွပြီး ဆူညံတဲ့ အိမ်နီးချင်းတွေ”အဖြစ် ဖာဂူဆန်က ဖော်ပြခဲ့ဖူးပါတယ်။

ဒါ့အပြင် ၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှာ သူဟာ ယူနိုက်တက်ကို ရောက်ရှိလာချိန်က မာဆေးဆိုက်ကလပ်က ကာလအတန်ကြာအောင် လွှမ်းမိုးထားပြီးနောက် သူ့ရဲ့တာဝန်မှာ “လီဗာပူးလ်ကို သူတို့ရဲ့ အထွက်အထိပ်ကနေ ဖြုတ်ချပစ်ဖို့” ဖြစ်တယ်လို့ အရင်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်လို့ ကြွေးကြော်ထားတဲ့ ရက်ကလစ်ဖ်က သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့မှာ ပြောကြားရာမှာ “ကျုပ်တို့ရဲ့ တက်ကြွတဲ့ အိမ်နီးချင်း (စီးတီး)နဲ့ တခြားအိမ်နီးချင်း (လီဗာပူးလ်) ထံကနေ သင်ယူစရာများစွာ ရှိနေပါတယ်။ သူတို့တွေက ပြင်းထန်တဲ့ ပြိုင်ဘက်ရန်သူတွေပါ။

“နှစ်သင်းစလုံးကို သူတို့ရဲ့ အထွတ်အထိပ်ကနေ ဆွဲချပစ်တာထက် ပိုကောင်းနိုင်တာ ဒီ့ပြင် မရှိပါဘူး၊ ပြိုင်ဘက်တွေ ဖြစ်လင့်ကစား ကျနော်တို့က တသင်းနဲ့တသင်း အရမ်းနီးကပ်နေတဲ့ မြောက်ဘက်ကလပ်ကြီး သုံးသင်းပါ။

“သူတို့က နေရာကောင်းတခုမှာ ရောက်နေတာကြာပါပြီ၊ သူတို့နှစ်သင်းစလုံးဆီကနေ သင်ယူနိုင်တဲ့ အရာတွေရှိတယ်။ သူတို့မှာ အသိဉာဏ်ရှိတဲ့ အဖွဲ့အစည်းတွေ၊ အဖွဲ့အစည်းအတွင်းက ကြီးမြတ်သူတွေ၊ ကောင်းမွန်တဲ့၊ မောင်းနှင်အားနဲ့ လုပ်ကိုင်နိုင်တဲ့ ထိပ်တန်းပတ်ဝန်းကျင်တွေရှိတယ်။

“ကျနော်က သူတို့ကို အရမ်းလေးစားတယ်။ ဒါပေမယ့် သူတို့က ပြိုင်ဘက်ရန်သူဖြစ်နေတုန်းပါပဲ။”

ရက်ကလစ်ဖ်ဟာ ကွင်းပြင်ပမှာ ကျရှုံးနေတဲ့ ယူနိုက်တက်ရဲ့ တည်ဆောက်ပုံတချို့ကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားလုပ်ကိုင်နေပြီဖြစ်ပါတယ်။

အိုမာ ဘာရာဒါကို ကလပ်ရဲ့ အမှုဆောင်ချုပ်အသစ်ဖြစ်လာဖို့ စီးတီးကနေ ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် ဒန်အက်ရှ်ဝေါ့သ်ကိုလည်း အိုးထရက်ဖို့ဒ်မှာ အားကစားဒါရိုက်တာရာထူးပေးဖို့ ယူနိုက်တက်က အပြီးသတ်ခေါ်ယူဖို့ ကြိုးစားနေချိန်မှာ သူဟာ နယူးကာဆယ်ကနေ အနားယူသွားပြီဖြစ်ပါတယ်။

ဒါပေမယ့် ဗြိတိန် ဘီလီယံနာ သူဌေးကြီး ရက်ကလစ်ဖ်က ယူနိုက်တက်ကို အင်္ဂလိပ်နဲ့ ဥရောပဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်ကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းစဉ်မှာ စိတ်ရှည်သည်းခံဖို့ ပန်ကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ဖလားကို ၂၀၁၃ ကစလို့ မဆွတ်ခူးနိုင်ဖြစ်ခဲ့ပြီး ၂၀၀၈ မှာ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံး ကိုင်မြောက်နိုင်ခဲ့ပါတယ်။

“အဲဒါက မီးခလုတ် အဖွင့်အပိတ်လို မဟုတ်ဘူး။ ညတွင်းချင်း အပြောင်းအလဲတော့ မဟုတ်ဘူး၊ ဒါက နှစ်ရာသီ သုံးရာသီလောက် ကြာလိမ့်မယ်”လို့ ရက်ကလစ်ဖ်က ဆက်ပြောပါတယ်။

“စိတ်ရှည်ရှည်ထားပေးဖို့ ပရိသတ်တွေကို တောင်းဆိုရပါမယ်။ ဒီနေ့ခေတ် ကမ္ဘာကြီးက ချက်ချင်းကျေနပ်မှုရတာကို နှစ်သက်တယ်ဆိုတာ သိပေမယ့် တကယ်က ဘောလုံးမှာတော့ ဒါဟာ လုံးဝမဖြစ်ပါဘူး။

“ဒါဟာ ၁၀ နှစ်စီမံကိန်းမဟုတ်ပါဘူး။ ၁၀ နှစ်စီမံကိန်းဖြစ်ခဲ့ရင် ပရိတ်သတ်တွေက သည်းမခံနိုင်တော့ဘူးလေ။ ဒါပေမယ့် အဲဒီကို ရောက်ဖို့ သုံးနှစ်စီမံကိန်းဆိုတာ သေချာပါတယ်။”

ရက်ကလစ်ဖ်က သူဟာ “ဓာတုပစ္စည်းတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ ငွေအလုံအလောက်”လုပ်နိုင်တာကြောင့် သူ့ရဲ့ရင်းနှီးမြုပ်နှံမှုဟာ ငွေကြေးပိုင်းအရ လှုံ့ဆော်မှုမဟုတ်ဘူးလို့ ပရိသတ်တွေကို အာမခံခဲ့ပါတယ်။

ဒါ့အပြင် သူဟာ အိုးထရက်ဖို့ဒ်ကို ပြန်လည်မွမ်းမံပြင်ဆင်ဖို့ ဒါမှမဟုတ် အားကစားကွင်းအသစ်တည်ဆောက်ဖို့ အစီအစဉ်ရှိပြီး ၇၄,၀၀၀ ဆံ့တဲ့ ကွင်းနေရာဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း တခြားထိပ်တန်းကလပ်တွေရဲ့ အိမ်ကွင်းတွေ “နောက်ကို ရောက်သွားခဲ့ပြီ”စြဖ်တယ်လို့ သူက ဝန်ခံခဲ့ပါတယ်။

(AFP)