တရုတ်လျှပ်စစ်ကားများကြောင့် အနောက်တိုင်းကားကုမ္ပဏီများ အထိနာနိုင်

ပုံစာ – ရှန်ဟိုင်းကားပြပွဲတွင် BYD လျှပ်စစ်ကားအား တွေ့ရပုံ။

The Telegraph

တရုတ်ကားများအလုံးအရင်းဖြင့် ဝင်ရောက်ခြင်းက အနောက်တိုင်းသုံးစွဲသူများအတွက် ကောင်းမွန်သော် လည်း ဥရောပကားထုတ်လုပ်သူများအတွက် စိုးရိမ်စရာဖြစ်နေသည်။

သာမှန် Tesla တစီးလျှင် ပေါင်းလေးသောင်းကုန်ကျနိုင်သော်လည်း BYD မော်ဒယ်များသည် ပေါင် ရှစ်ထောင်ခန့်သာ ဈေးရှိသည်။ တရုတ်ကားထုတ်လုပ်သူများသည် ဥရောပတွင်ရောင်းအားမြှင့်တင်ရန် ယူရို ၁၂,၀၀၀ အထိဈေးလျှော့ပေးနေသည်ဟု Schmidt Automotive Research မှ သုတေသီများက တွေ့ရှိခဲ့သည်။

၂၀၄၀ပြည့်နှစ်တွင် နှစ်စဉ် လျှပ်စစ်ကားများ ရောင်းချမှုသည် တကမ္ဘာလုံးတွင် ၅၆ သန်းအထိရှိလာနိုင် ပြီး၊ ကမ္ဘာ့ကားရောင်းအား၏ ၅၈ ရာခိုင်နှုန်းရှိလာနိုင်ကြောင်း Bloomberg သတင်းဌာန၏ စွမ်းအင် အသစ်အတွက် ငွေကြေးထောက်ပံ့မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်လျှပ်စစ်ကားများ၏ စျေးကွက်ဝေစုသည် ယခုဆယ်စုနှစ်ကုန်တွင် ကမ္ဘာ့လျှပ်စစ်ကားဈေးကွက်၏ ၄၀ ရာခိုင်နှုန်းအထိ ရှိလာမည်ဟု နိုင်ငံတကာ စွမ်းအင်အေဂျင်စီက ခန့်မှန်းထားသည်။

နယ်သာလန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဗလစ်ဆင်ဂန်ဆိပ်ကမ်းသည် ကမ္ဘာ့ကုန်သွယ်မှုဗဟိုချက် ဖြစ်ခဲ့ သည်မှာ ရာစုနှစ်များစွာကြာခဲ့ပြီဖြစ်သည်။

ဖေဖော်ဝါရီလ ၂၁ရက်တွင်၊ ဆိပ်ကမ်းသည် ၎င်း၏ အထင်ရှားဆုံးသော ကုန်ပစ္စည်းများထဲမှ တစ်ခုကို ဖြစ်သည့် တရုတ်နိုင်ငံ၊ ရှန်းကျန့်စက်ရုံမှ လျှပ်စစ်ကား အစီးရေ ၅,၀၀၀ ကို ဥရောပတဝန်းနှင့် ဗြိတိန်သို့ ပေးပို့ရမည် ဖြစ်သည်။

တရုတ်နိုင်ငံ၏ အကြီးမားဆုံး ကားထုတ်လုပ်သူ BYD မှ ထုတ်လုပ်သည့် ကားများတင်ဆောင်လာသည့် ယင်းသင်္ဘောကြောင့် နိုင်ငံတကာတွင် တရုတ်နှင့် အနောက်နိုင်ငံတို့ကြား ကုန်သွယ်ရေးစစ်ပွဲအဖြစ်သို့ ပြောင်းလဲသွားနိုင်သည့် အလားအလာရှိနိုင်သည်။

လီသီယမ်ဘက်ထရီများ၊ ဆိုလာပြားများနှင့် လျှပ်စစ်ကားများကို တရုတ်သမ္မတ ရှီကျင့်ဖျင်က အဓိက စီးပွားရေးမဏ္ဍိုင်များအဖြစ် ကြွေးကြော်ထားပြီး ယင်းတို့သည် တရုတ်အစိုးရက ကုန်ထုတ်လုပ်မှု အရှိန်အဟုန်မြှင့်ရေးအတွက် ရွေးချယ်ထားသော အရေးကြီးသည့် ကဏ္ဍများဖြစ်သည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝမ်းတောင်က ယင်းတို့အား တရုတ်စက်မှုလုပ်ငန်းအသစ်သုံးမျိုး အဖြစ် ဖော်ပြခဲ့သည်။

ပြင်သစ်ကားကုမ္ပဏီ Renault ၏ အကြီးအကဲက စျေးပေါသော တရုတ်လျှပ်စစ်ကားများ ထိုးဖောက်ခြင်း ကို ပူးပေါင်းတွန်းလှန်ရန် ဗြိတိန်နှင့် ဥရောပနိုင်ငံများအား တောင်းဆိုထားသည်။

“ရာစုနှစ် တခုကြာအောင် ကျွန်တော်တို့က နည်းပညာနဲ့ ကျွမ်းကျင်မှုကနေ အကျိုးခံစားခဲ့ရပြီး ဘယ်သူ့မှ အစားမထိုးနိုင်ခဲ့ပါဘူး။ ဒီနေ့ခေတ်မှာတော့ ဥရောပသားတွေ စိန်ခေါ်ခံနေရပါပြီ” ဟု ပြင်သစ်ကားထုတ်လုပ်သူ၏ အမှုဆောင်အရာရှိချုပ် လူကာဒီမီယိုက ပြောကြားခဲ့သည်။

၂၀၂၃ခုနှစ် ဒုတိယနှစ်ဝက်တွင် တရုတ်ကားများသည် ဥရောပလျှပ်စစ်ကားစျေးကွက်၏ ၁၀ ရာခိုင်နှုန်း ခန့် ရှိလာခဲ့ကြောင်း Schmidt Automotive Research က ဖော်ပြခဲ့သည်။

ဈေးပေါသည့် ကားများကို အနောက်နိုင်ငံများဆီ တင်ပို့ပြီး တရုတ်စီးပွားရေးကို ကယ်တင်ရန် တရုတ်၏ လုပ်ဆောင်ချက်ကို ဥရောပနှင့် အမေရိကန်မှ မူဝါဒချမှတ်သူများက သတိထားရတော့မည်ဖြစ်သည်။