CNDF ဒု စစ်ဦးစီးချုပ်နှင့် အမျိုးသမီးရဲဘော် အပါ ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

ပုံအညွှန်း။ ။ ဖေဖော်ဝါရီလ၂၃ရက်နေ့တွင် ကျဆုံးသွားသော CNDF မှ ဒုစစ်ဦးစီးချုပ် (မိုက်ကိုင်ထားသူ) နဲ့ ရဲဘော်များ

ပုံအညွှန်း။ ။ ဖေဖော်ဝါရီလ၂၃ရက်နေ့တွင် ကျဆုံးသွားသော CNDF မှ ဒုစစ်ဦးစီးချုပ် (မိုက်ကိုင်ထားသူ) နဲ့ ရဲဘော်များ

ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အောင်သာယာကျေးရွာအနီးတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့( CNDF) ဒုဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး နှင့် အမျိုးသမီးရဲဘော်အပါ သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်သွားကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းထံက သိရသည်။

CNDF ဒုဦးစီးချုပ် နှင့် ၎င်း၏ ကိုယ်ရံတော်အဖွဲ့သည် ကလေးမြို့နယ်၊ မော်လိုက်ရွာဘက်ရှိ CNDF တပ်ရင်းတခုမှ ညအိပ်ပြီး အပြန် ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက အောင်သာယာရွာအနီး၌ အသတ်ခံရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ သူ့တို့ရဲ့အလောင်းကိုလည်း မီးရှို့ပစ်လိုက်တယ်လို့ ကြားတယ်။ သတ်ဖြတ်ခံရတာကျတော့ ကျွန်တော်တို့ဖုန်းဆက်တော့ စစ်ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင် ) ကနေပြီး ဖုန်းကိုင်တယ်။ အဲတာကြောင့် အဖမ်းခံရတာကို အတည်ပြုတယ် ။ မနေ့ကထိတော့ ဒုစစ်ဦးစီးချုပ် အသတ်ခံရတာ သေချာနေပြီ။ ကိုယ်ရံတော်နှစ်ယောက် အသတ်ခံရတာ သိပ်မသေချာသေးတဲ့အခါကျတော့ အသက်ရှင်မလားပေါ့။ ဒီနေ့မနက်မှာကျတော့ စစ်ကောင်စီ သတင်းတွေမှာ ဓာတ်ပုံတွေနဲ့ ထွက်လာတယ်။ အဲ့တာကြည့်ပြီး အတည်ပြုရတာပါ ” ဟု ဆလိုင်းကျုံငိုင်းက ပြောသည်။

ဒုတိယစစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး(ခ) Joshua (အသက် ၃၃ နှစ်) ၊ ရဲမေ ရွှေနွမ်ကိမ် (ခ)မအားငယ် (အသက် ၂၂ နှစ်) နှင့် ရဲဘော် အေမောစ်ဗန်နိုက်လျန်း(အသက် ၂၃ နှစ်) တို့ သေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။

“ ဧပြီလ ၁၈ ရက်နေ့ ၂၀၂၁မှာ ကျွန်တော်တို့ရဲ့ပထမဆုံးCamp မှာ ဘာမှမရှိတဲ့နေရာ ၊ ရေတောင်မရတဲ့နေရာမှာ သွားပြီးတော့ သူပဲခက်ခက်ခဲခဲ ဦးစီး ဦးဆောင်ခဲ့တဲ့ အထဲမှာပါတယ်။ ဆိုတော့ တော်လှန်ရေးကာလမှာလည်း သူတိုက်ပွဲဝင်တာတော်တော်များတယ်။ စစ်ဦးစီးချုပ်ထဲမှာဆိုရင် တိုက်ပွဲဝင်ကြိမ်အများဆုံးထဲမှာလည်းပါတယ်။ စစ်ဦးစီးချုပ်ဖြစ်ပေမယ့် သူဟာတိုက်ပွဲရှိတိုင်း အမြဲတမ်းထွက်တယ်၊ တိုက်ပွဲဝင်တယ်။ တိုက်ပွဲပေါင်းတော်တော်များများမှာလည်း အောင်မြင်မှုရခဲ့တယ်။ သူဟာကျွန်တော်တို့အတွက် တကယ့်ကိုတန်ဖိုးရှိတဲ့ လူတယောက်။ သူ့ကို ဆုံးရှုံးရတဲ့အတွက် အရမ်းပဲဝမ်းနည်းမိပါတယ်” ဟု ဆလိုင်းကျုံးငိုင်းက မဇ္စျိမကို ပြောသည်။

ဒုတိယစစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူးသည် လက်နက်ရှာဖွေရေးတာဝန်ယူခဲ့သည့်အပြင် စစ်အာဏာသိမ်းပြီးနောက် CNDF ပထမဆုံး တိုက်ပွဲဝင်ခဲ့သည့် ၂၀၂၁ ခုနှစ် မေလအတွင်းက တိုက်ပွဲတွင်လည်း ဦးဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သတင်းများတွင် CNO/CNDF ၏ ဒုတိယစစ်ဦးစီချုပ် အဆင့်ရှိ ဆလိုင်းဒေးဗစ်နယူး(ခ) Joshua၊ ရွှေနွမ်ကိမ်နှင့် အေမောစ်ဗန်နိုက်လျန်းတို့ကို စစ်ကောင်စီတပ်က ကလေးမြို့နယ်တိုက်ပွဲအတွင်း ချေမှုန်းရှင်းလင်းနိုင်ခဲ့ကြောင်း ၎င်းတို့ပစ်သတ်ခံရသောဓာတ်ပုံနှင့်တကွဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၁ရက်နေ့မှစ၍ ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအား ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့( CNDF) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၂ရက်နေ့ ည ၁၁နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

စက္ကန့်ရွာအတွင်း စစ်ကောင်စီတပ်များထောင်ထားသော မြေမြုပ်မိုင်းများအား ယမန်နေ့ ဖေဖော်ဝါရီ ၂၃ရက်တွင် ရှင်းလင်းမှုပြုလုပ်စဥ် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ကိုမာန်ပူ(ခ) လမင်းဆိုသူလည်း ကျဆုံးသွားသည်ဟု CNDF ထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး