ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၃ခုကာကွယ်ရေးအဖွဲ့ သိမ်းပိုက်

ပုံအညွှန်း -ကလေးမြို့။

ပါခွီး

(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း သုံးခုကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူထားသည်ဟု ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (ကလေးခရိုင်) က ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် ထုတ်ပြန်သည်။

“စခန်းသုံးနေရာကို သိမ်းပိုက်ရရှိထားတယ်ဆိုတာ အတည်ပြုလို့ရတယ်”ဟု Kalay PDF တာဝန်ရှိသူကပြောသည်။

ယင်းအနက် စက္ကန့်ရွာစခန်း၊ ကံကြီးစခန်းနှင့် ကန်သာယာရွာစခန်းတို့ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် သိမ်းယူနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ကလေးမြို့နယ်မြောက်ပိုင်း ကံကြီးရွာ ၊ ကံသာရွာ ၊ ကလေးတက္ကသိုလ် ၊ကလေးမြို့နယ် တောင်ပိုင်း စက္ကန့် ၊ အင်ဒိုင်ကုန်း ၊သာစည်၊ ထိုမာကျေးရွာများ၊ မြို့လှရပ်ကွက် GTC စစ်ကောင်စီအထိုင်စန်းများကို ကာကွယ်ရေးတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ကျနော်တို့ ပူးပေါင်းပြီးတော့ လေးငါးနေရာလောက်မှာ တိုက်ပွဲဖော်ဆောင်ခဲ့တာပါ ၊ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ တောက်လျောက်ပစ်နေတာရှိတယ်။ ဒီနေ့တော့ ထိတွေ့မှုမရှိသေးဘူး နှစ်ဖက်စောင့်ကြည့်နေပြီး စစ်ရေးတင်းမာနေတယ်” ဟု CDF – KKG ပြန်ကြားရေးတာဝန်ခံ ကိုအားမှုန်က မဇ္စျိမကိုပြောသည်။

ကလေးမြို့နယ် စက္ကန့်ရွာကို စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် အောက်တိုဘာလအတွင်းတွင် စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီးကာ စခန်းချတပ်စွဲထားခြင်းဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပြန်လည်သိမ်းယူခြင်းဖြစ်သည်ဟု ဆိုသည်။

ကာကွယ်ရေးတပ်ဖွဲ့က စခန်းသိမ်းတိုက်ပွဲပြုလုပ်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်၌ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ငါးဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများအပြင် စစ်ကောင်စီတပ်သားတို့၏ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများကိုပါ သိမ်းဆည်းရရှိထားသည်ဟု CDF – KKG ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

စက္ကန့်ကျေးရွာမှ ဆုတ်ခွာသွားသော စစ်ကောင်စီတပ်သားများ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို မိုင်းရှင်းလင်း‌ရေး ပြုလုပ်နေစဥ် ပေါက်ကွဲမှုဖြစ်ပွားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် လမင်း ကျဆုံးသွားသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ထံက သိရသည်။

အဆိုပါ တိုက်ပွဲများအား စစ်ဒေသကွပ်ကဲရေးမှူး ဦးဆောင်လျက် ကလေးခရိုင် ပကဖ စစ်ရေးတာဝန်ခံနှင့်အဖွဲ့ ပူးပေါင်းပြီး ကလေးခရိုင်PDF တပ်ရင်း (၄) ၊ကလေးခရိုင် ပကဖ လက်နက်ကြီးအဖွဲ့ ၊ ကလေးခရိုင်ပကဖ Drone တပ်ဖွဲ့ ၊ ကလေးမြို့နယ် ပကဖ တပ်ဖွဲ့ ၊ ကလေးမြို့ပြစီမံချက်(UG)တပ်ဖွဲ့ ၊ RKDF ၊ ကလေးPdf B2.5.6 ၊ Vakok PDF ၊ CDF – KKG ၊CNDF ၊HNB ၊GRF ၊ S2UG ၊EFDF ၊ TCDF ၊ ဒေါင်းသွေးရာဇာ စသည့်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယမန်နေ့ ဖေ‌ဖော်ဝါရီလ ၂၄ရက် ည၉နာရီအချိန်ထိ ကလေးမြို့အခြေစိုက် အမြောက်တပ်နှင့် ထောက်ပို့တပ်များရှိရာဘက်မှ လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်သံများ ကြားရသည်ဟု ကလေးမြို့ခံတဦးက ပြောသည်။

“လက်နက်ကြီးပစ်တာတော့ မရပ်ဘူး ၊အသံတွေကတော့ ဟိန်းနေတာပဲ ၊ အခုတော့ အဝေးကိုပစ်တာလားမသိဘူး ၊ ကျည်ကျပြီး ပေါက်ကွဲသံတော့ မကြားရဘူး” ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီလ ၂၁ရက်နှင့် ၂၂ရက်နေ့များတွင် မွန်းလိုင်ကျေးရွာသို့ လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲကာ ဒေသခံ အမျိုးသမီးလေးဦးနှင့် အမျိုးသားတဦး သေဆုံးခဲ့ပြီး လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မိသားစုဝင်များထံက သိရသည်။.

ကလေးမြို့နယ် မြောက်ပိုင်းလမ်းနှင့် ကလေး – တမူးလမ်းပိုင်း အသွားအလာများ ပိတ်ပင်ထားပြီး လတ်တလောအခြေအနေတွင် ပြည်သူများအ‌နေဖြင့် အဆိုပါလမ်းပိုင်းများသို့ မသွားကြရန် ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက သတိပေး ပြောကြားသည်။

ကလေးမြို့တွင် စစ်ကောင်စီတပ်ရင်း အများအပြားတပ်စွဲထားပြီး ကာကွယ်ရေး တပ်ဖွဲ့များနှင့် မြို့နယ်အစပ်များတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ