နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၈ ဖေဖော်ဝါရီ ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းယူထားချိန်ကနေ ယနေ့အချိန်အထိ ၃ နှစ်ကျော်အတွင်း၌ ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၁၂၀၀ ကျော်အထိ ပြုလုပ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စုအဖြစ် ကြေညာခံထားရသည့် စစ်ကောင်စီက ဖွဲ့စည်းထားသော ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် လက်အောက်ခံ အဖွဲ့အစည်းများအားလုံးကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းတွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး ကို ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့ကြသည်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရောက် ချင်းလူမျိုးများမှ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို သူရဲကောင်းအဖြစ်ဂုဏ်ပြုကာ ချင်းရိုးရာပစ္စည်းများအား ပေးအပ်ခဲ့ကြကြောင်း Chin Community of USA, Inc. – D.C Area အဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မှ ၂၄ ရက်နေ့အထိ စစ်ကောင်စီ တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား လေးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၄ ဦး သေဆုံးသွားကြောင်း NUG အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။

ကလေးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်က စတင်ဖြစ်ပွားသည့် တိုက်ပွဲသည် ယနေ့ ဖေဖော်ဝါရီ လ ၂၇ ရက်အထိ ပြင်းထန်နေဆဲဖြစ်ပြီးတိုက်ပွဲများအတွင်း ကလေးမြို့နယ် စက္ကန့် ၊ ကံကြီးနှင့် ကံသာယာ ကျေးရွာများရှိ စစ်ကောင်စီအခြေစိုက် စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက ဖေဖော်ဝါရီ လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ထားသည်။

ပြင်သစ်နိုင်ငံ အထက်လွှတ်တော်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းဆုမွန်အောင် တို့အဖွဲ့သည် ပြင်သစ်အထက် လွှတ်တော်အမတ် Mr.Pascal Allizard နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊တောပုကျေးရွာသို့ ဆိုင်ကယ်များဖြင့် ရိက္ခာလာပို့သော စစ်ကောင်စီ တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးသွားကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း(၄)က ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင်ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အနီး နေရာနှစ်ခုမှ စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့(SNA) စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များကယနေ့ နံနက်တိုက်ခိုက်ရာ တိုက်ပွဲအပြင်း အထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ်(၁)ရဲစခန်း၌ အမှုမဖွင့် တရားရုံးတင်ပို့ခြင်းမရှိဘဲ တစ်နှစ်ခန့်ကြာ ချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသား ၂၀၀ ခန့်ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင် ကော်မတီအဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှ ကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်စီးနင်း နေသည့် စစ်ကောင်စီတပ်က အရပ်သားနှစ်ဦးအားဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ် ၁၀ လုံးကို မီးရှို့ ဖျက်ဆီး သွားကြောင်း ဒေသခံများထံက သိရသည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ထားဝယ်လူထု သပိတ်စစ်ကြောင်းသည် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရသည့် ဝမ်းနည်းဖွယ် သုံးနှစ်မြောက် အခမ်းအနားကို ယနေ့ ဖေဖော် ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်း၌ ပြုလုပ်ခဲ့ပြီး အမျိုးသမီးထုအပါဝင် ပြည်သူထောင်ချီ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ရက်သတ္တနှစ်ပတ်အတွင်း ဦးခေါင်းဖြတ်ခံရသူ နှစ်ဦးအပါအဝင် အရပ်သား ၁၇ ဦး သတ်ဖြတ်ခံရကာ အမျိုးသမီးသုံး ဦးကိုလည်း တပ်မ(၉၉) မှ စစ်ကောင်စီတပ်သားများက အုပ်စုဖွဲ့ မုဒိမ်းပြုကျင့် ခဲ့ကြောင်း ရှမ်း လူ့အခွင့်အရေးမဏ္ဍိုင်မှ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ သိရသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်၊ မိုးကောင်းကျေးရွာ၊ မိုးကောင်း ဘုရားအနီးရှိ သံကူ ကွန်ကရစ်တံတားတစင်း မိုင်းခွဲဖျက်ဆီးခံလိုက်ရသဖြင့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားကြောင်း ဒေသခံများထံက သိရသည်။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ လုံးကြီးကျေးရွာတွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀၀ခန့် ပြာကျပြီး လေဖြတ်လူနာတစ်ဦး မီးလောင်သေဆုံးခဲ့ ကြောင်း ဒေသခံများက ပြောသည်။

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသခံပြည်သူများ​၏ ယာတဲများအား မီးရှို့ဖျက်ဆီးပြီး ကျေးရွာအတွင်းအထိုင်ချတပ်ဆွဲထားသော စစ်ကောင်စီတပ်ကို အလစ်အငိုက်ဝင် ရောက် တိုက်ခိုက်ခဲ့ ကြောင်း ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁(PPDF)မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ မင်းဖူးအရပ်ဘက်ဆေးရုံအား စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူများ၊ သုံ့ပန်းများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်လိုက်သည်။

မင်းပြားမြို့ ကမ်းနီရွာ အနီးရှိအမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ အလောင်းများနှင့် လက်နက်ခဲယမ်းအ‌မြောက်အမြားရရှိခဲ့သည်။

လွိုင်ကော်မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သည် စိုးမိုးနယ်မြေများအချိန်နှင့်အမျှ ဆုံးရှုံးနေပြီး ထွက်ပေါက်မရှိသည့် မြို့အတွင်းဘက်ကို ဆုတ်ခွာနေရကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ် KNDF တာဝန်ရှိသူ၏ ပြောဆိုချက်ကို ကိုးကား၍ People’s Spring သတင်းတွင် ဖော်ပြထားသည်။

မွန်ပြည်နယ် ဘီလင်းမြို့နယ်နှင့် ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ် တပ် က တိုက်လေယာဉ် ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး စာသင် ကျောင်းနှင့် နေအိမ်များပျက်စီး ကြောင်း PNLA က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားနေ သည့်အတွက် ပြည်သူများ အနေဖြင့် နေအိမ်များကို ပြန်၍ ပစ္စည်းများ ယူဆောင်ခြင်း မပြုလုပ်ရန် နှင့် တားမြစ်ပိတ်ပင်ထားသော လမ်းပိုင်းများတွင် သွားလာခြင်းမပြုရန် PNLA က သတိပေး ချက်တစ်ရပ် ယနေ့ ထပ်မံ ထုတ်ပြန်သည်။

စစ်ကောင်စီ

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်ရန်အတွက် MoU စနစ်ဖြင့် မြန်မာနိုင်ငံ မှ အလုပ်သင်အဆင့်လုပ်သားများ ပိုမိုခေါ်ယူသွားရန်ရှိကြောင်းစစ်ကောင်စီ အလုပ်သမား ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးညွန့်ဝင်းက ပြောသည်။

မြန်မာနိုင်ငံသည် ခေတ်ပြိုင်အခြားနိုင်ငံများနှင့်အိမ်နီးချင်းနိုင်ငံအချို့၏နောက်တွင် တဖြည်းဖြည်း ကျန်ခဲ့သည့် အတွက် သင်ခန်းစာ ဖော်ထုတ်ကာ နိုင်ငံ့အကျိုးအတွက်ဆောင်ရွက်ကြရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က စစ် ဘက်အရပ်ဘက် အရာရှိကြိးများကို ပြောသည်။

ပညာရေးနှင့် ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အတွက်အချက် ပညာရပ်နှင့် စက်မှုပညာရပ်လ တို့တွင် အခြားနိုင်ငံများနှင့်ရင်ဘောင်တန်းနိုင်မှုမရှိခဲ့ဘဲ နောက်တွင်ကျန်နေခဲ့ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယခုလအတွင်း လုပ်သား ၁၀၀ ဝန်းကျင်ခန့် အလုပ်အကိုင် အခွင့်အလမ်း များရရှိနိုင်မည့် ရင်းနှီးမြှုပ်နှံမှု(၄) ခုကို ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အဦသစ် တည်ဆောက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သိရသည်။

ဖေဖော်ဝါရီ ၂၈ သုံးသပ်ချက်

မင်းအောင်လှိုင် တခြားနိုင်ငံများနှင့်ယှဉ်လျှင် ခေတ်နောက်ကျသည်၊ပညာရေးနောက်ကျသည် ယင်းအတွက်အဖြေရှာရန် သူ့လက်အောက်က စစ်ဘက်အရပ်ဘက်အရာရှိများကို ပြောဆိုနေသည်။ အမှန်တကယ်တွင် ခက်ခက်ခဲခဲအဖြေရှာရန်မလို ခေတ်အဆက်ဆက် မတရားအာဏာသိမ်းပြီး လက်နက်အားကိုးဖြင့် နေရာတကာဝင်ပါနေသည် စစ်တပ်ကို စစ်တန်းလျားပြန်ပို့လိုက်လျှင် တိုင်းပြည်းမုချ တိုးတက်သွားမည်ဖြစ်သည်။