ထိတွေ့တိုက်ပွဲဖြစ်သည့် ကလေးတောင်ပိုင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းက နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားသည့် နေရာတဝိုက်ကို စစ်ကောင်စီတပ်က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

မြို့တောင်ပိုင်းက ထိုမာကျေးရွာသို့ မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားသည့် ထိုမာကျေးရွာနှင့် သာယာဝတီရွာ အကြားတွင် ပစ်ခတ်သွားခြင်းဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက ပြောသည်။

“မြေပြင်စစ်ကြောင်းက ထိုမာကိုဝင်မွှေသွားတယ်၊ ပြီးတော့ ရဟတ်ယာဥ်က ကလေးမြို့ ထဲကနေတက်ပြီး ကာကွယ်ရေးတပ်နဲ့ ထိတွေမှုဖြစ်တဲ့ ထိုမာနဲ့ သာယာဝတီရွာအကြားမှာ သွားပစ်တာ” ဟု သတင်းအရင်းမြစ်က မဇ္စျိမကို ပြောသည်။

ကလေးမြို့မှ တက်လာသည့် MI-35 အမျိုးအစား ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တနာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားကျေးရွာများ ထိခိုက်ပျက်စီးမှု ရှိ၊ မရှိကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ကလေးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်နေပြီး စက္ကန့် ၊ ကံကြီးနှင့် ကံသာယာ ကျေးရွာများရှိ စစ်ကောင်စီအခြေစိုက်စခန်းများကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသည်။

သို့သော်လည်း စစ်ကောင်စီတပ်၏ တန်ပြန်ထိုးစစ်အတွင်း စက္ကန့်ရွာက တပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့က လက်လွှတ်ခဲ့ရပြီး စစ်ကောင်စီတပ်သည် စက္ကန့်ရွာက လူနေအိမ်များကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

ကလေးမြို့ စစ်မျက်နှာပြင်တွင် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် လက်နက်ခဲယမ်း၊ လူအင်အားဖြည့်တင်းခြင်းအပြင် မြို့တွင်း၌လည်း လက်နက်ကိုင် တပ်ဖွဲ့ဝင် အင်အားကို တိုးမြှင့်ချထားကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်