ထားဝယ်မြို့ ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

စစ်ကောင်စီဂိတ်အား တိုက်ခိုက်အပြီး သိမ်းဆည်းရမိထားတဲ့ လက်နက်အားတွေ့ရစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အပြင်ဖက်ရှိ မောင်မယ်ရှောင်ကျေးရွာ နည်းပညာတက္ကသိုလ် (ထားဝယ်) အနီး ဘုရားမဲ စစ်ဆေးရေးဂိတ်နှင့် ကပ်လျှက် ဘုရားမဲ ဘုန်းကြီးကျောင်းအတွင်း အင်အားတိုးချဲ့ တပ်စွဲထားသည့် စစ်ကောင်စီ၏ ကာကင်းစခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက်ရာ ငါးဦး သေဆုံးပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း ဗထူးတပ်မတော်ရဲ့ ထုတ်ပြန်ချက်များအရ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ အချိန်ခန့်တွင် စစ်ကောင်စီ၏ ကာကင်းစခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို ဗထူးတပ်မတော်မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဒီ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်က မကြာခဏ တော်လှန်ရေးအဖွဲ့က တိုက်ခိုက်နေတဲ့ ဂိတ် တခုပါ သူတို့ဖက်က အင်အားတိုးချဲ့ပြီး ပြည်သူတွေကို စစ်ဆေးဖမ်းဆီးနေတာရှိလို့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်”ဟု ဗထူးတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ထက်မြတ်က ပြောသည်။

၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်အား စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သည့်အတွက် မိဘပြည်သူများ အနေဖြင့် စစ်ရေးအသိ၊ သတိဖြင့် သွားလာနေထိုင်ကြရန်နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များမှ တရားဝင်အသိပေးထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား လေးစားလိုက်နာကြရန် ဗထူးတပ်မတော်က အသိပေးထုတ်ပြန်ထားသည်။

ထိုအပြင် စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီးများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံး အတိုင်းအတာနှင့် ကျရှုံးမှုပေါင်းများစွာ ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်တပ်အား စွန့်ခွာ၍ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ခိုလှုံဝင်ရောက်ကြပါရန်လည်း တိုက်တွန်းထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)