ပုလဲတွင် စစ်ကောင်စီတပ်က ကျေးရွာ ၂ ရွာအားစီးနင်းပြီး ပစ္စည်းများလုယက်

တောင်ရွာသစ်ရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်ကိုတွေ့ရစဉ်

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ သာစည်ကျေးရွာနှင့် တောင်ရွာသစ်ကျေးရွာတို့ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များကိုဖောက်ထွင်းကာ ပစ္စည်းများလုယက်ယူဆောင် သွားကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သာစည်ကျေးရွာနှင့် တောင်ရွာသစ်ကျေးရွာကိုဝင် ရောက်စီးနင်းကာ စားသောက်ကုန်များကိုလုယူပြီးနောက် နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပုလဲ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ကိုဇော်ထက်က ပြောသည်။

“ကန့်ဒေါင့်မှာအထိုင်ချထားတဲ့ စစ်ကောင်စီအဖွဲ့တွေက စစ်ကြောင်းနဲ့အတူလိုက်လာပြီး တောင်ရွာသစ် ရွာက ဆန်၊ ဆီ စတဲ့စားသောက်ကုန်တွေကို အိမ်တွေဖောက်ထွင်းပြီးယူသွားတာ။ အိမ်တလုံးကိုလည်း မီးရှိ့သွားတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် တောင်ရွာသစ်ကျေးရွာ၏ အရှေ့ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးနေပြီး အနီးအနားကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ ဝန်းကျင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း လည်း သိရသည်။

“ရွာပေါင်း ၁၅ ရွာလောက်က ပြည်သူ ၁၀,၀၀၀ လောက် တောင်ရွာသစ်ကို စစ်ကြောင်းရောက်ကတည်း က ရှောင်နေကြရတာ” ဟု ကိုဇော်ထက်က ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မင်းတိုင်ပင်ကျေးရွာမှ သစ်စက် ဝန်ထမ်းအိမ်ရာ ခုနစ်လုံးနှင့် နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

စာတည်း။ ။စောဖေ