မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်က မီးရှို့ရာ နေအိမ် ၅၀ ပျက်စီးပြီး အမျိုးသမီးသေဆုံး

မီးရှို့ခံရမှုကြောင့် အပျက်အစီးများ/ဓါတ်ပုံ – CJ

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး အမျိုးသမီးကြီးတဦးကို သတ်ဖြတ်ကာ လူနေအိမ် ၅၀ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံထံက သိရသည်။

မုံရွာမြို့နယ် မြောက်ဖက် ခုနစ်မိုင်အကွာရှိ ကံပြားနှင့် တဲကြီးကုန်းကျေးရွာကို ဖေဖော်ဝါရီလ ၂၉ရက် ယနေ့ နံနက် ၈ နာရီခန့်တွင် သာစည်ကျေးရွာမှထွက်လာသည့် စစ်ကောင်စီတပ်သား ၅၀ခန့်က စစ်ကြောင်းထိုး၍ ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်။

“တဲကြီးကုန်းကို အရင်ရှို့တာပေါ့နော် ၊ ပြီးတော့မှ ကံပြားဖက်ကိုရှို့တာ၊ အမေကြီးက အသက်ကြီးပြီးကျန်းမာရေးမကောင်းလို့ မပြေးနိုင်တော့ စ× (စကစတပ်သား)တွေ မီးရှို့သတ်သွားတာ” ဟု အမည်မဖော်လိုသည့် ဒေသခံက မဇ္စျိမကိုပြောသည်။

တဲကြီးကုန်းမှ အိမ်ခြေ ၃၂လုံးကို မီးရှို့ပြီးနောက် ကံပြားကျေးရွာရှိ ဆုံကုန်း ၁၉အိမ် ၊ ပေကုန်း ကိုးအိမ်စုစုပေါင်း လူနေအိမ် ၅၀ကိုမီးရှို့ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ထို့ပြင် ကျန်းမာရေးမကောင်းသည် အသက် ၈၆နှစ်အရွယ် ဒေါ်တင်ရွှေကို မီးရှို့သတ်ဖြတ်သွားကြောင်းနှင့် ပျောက်ဆုံးနေသူများလည်းရှိသည် ဟု ဒေသခံကပြောသည်။

“တိုက်ပွဲဖြစ်ပွားတာမရှိဘူးဗျ ၊ အကြောင်းမဲ့ သက်သက် ဝင်ပြီးရှို့သွားတာ” ဟု One Star PDF တပ်ဖွဲ့တာဝန်ရှိသူ က မဇ္စျိမ ကိုပြောသည်။

အဆိုပါစစ်ကောင်စီတပ်သည် သာစည်ကျေးရွာမှ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ရွာများကိုမီးရှို့ပြီးနောက် မုံရွာမြို့နယ် ကျောက်စစ်ပုံ ကျေးရွာအနီးတွင် အခြေစိုက်ထားသည့် အမှတ်(၅၀၈) အမြောက်တပ်အတွင်းသို့ ဝင်ရောက်သွားသည်ဟု ဆိုသည်။

လတ်တလောတွင် မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် စစ်ကြောင်းများထိုးပြီး ကျေးရွာများမီးရှို့ခြင်း ကာကွယ်ရေးတပ်ဖွဲ့စခန်းများကို ဆက်တိုက် စီးနင်းမှုပြုလုပ်လာနေကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၈ရက်နေ့ကလည်း မုံရွာမြို့နယ် ကြီးဗဒုံရွာကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဝင်ရောက်မီးရှို့ပြီး ဒေသခံ မောင်အောင်ဇော်မိုးကို သေနတ်ဖြင့် ပစ်သတ်ကာ မီးရှို့သွားကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များအရ သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် မုံရွာ – ချောင်းဦးလမ်းပေါ်ရှိ မြပုလဲဆီဆိုင်မှ တဆင့် စစ်ကောင်စီအင်အား ၅၀ခန့်သည် ၎င်းတို့၏ လက်နက်ထုတ်လုပ်ရေးစခန်းကို ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း Area 71 PDF က ဖေော်ဝါရီလ ၂၉ရက် ယနေ့တွင်ထုတ်ပြန်ထားသည်။

အဆိုပါစီးနင်းမှုတွင် ကာကွယ်ရေးဘော်များ အချိန်မီရှောင်တိမ်းနိုင်ခဲ့သော်လည်း စခန်းအတွင်းရှိ လက်နက်ခဲယမ်းနှင့်အတူ ပစ္စည်းများ ကျပ် ၈,၀၀၀,၀၀၀ (သိန်းရှစ်ဆယ်) တန်ဖိုးနီးပါး ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၂၅ရက်နေ့ကလည်း Monywa Special ဒိတ်ဒိတ်ကြဲ တပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ ကျပ် ၂၀,၀၀၀,၀၀၀( သိန်း၂၀၀)တန်ဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးတာဝန်ရှိသူထံက သိရှိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)